Friday, October 17, 2014

Fiction



“မန်းကီးရှိုး”

            မန်းကီးရှိုး ကြည့်ဖူးလား။ မန်းကီးရှိုးဆိုတာ ဘိုလို ပြောတာ။ အမှန်တော့ မျောက်ပွဲပေါ့ဗျာ။ မျောက်ပွဲဆိုတာ တစ်ချိန်က အထင်ကရ ဘုရားပွဲတော်ကြီးတွေမှာ ခေတ်စားခဲ့ဖူးတဲ့ ဖျော်ဖြေရေး ပုံစံတစ်မျိုးပေါ့။ နာမည်ကြီးဇာတ်အဖွဲ့တွေ၊ နာမည်ကြီး ဇာတ်မင်းသားကြီးတွေကို အတုခိုး၊ ပုံတူပြုပြီးကတဲ့ မျောက်ဇာတ်အဖွဲ့ဆိုလည်း မမှားဘူး။ မျောက်ပွဲကို ခုခေတ်ကလေးတွေ မသိလောက်တော့ဘူး။
           ကျွန်တော် အခု အသက်လေးဆယ်။ လူလတ်ပိုင်းတစ်ယောက်တောင် မျောက်ပွဲရွှေခေတ်ကို အစွန်အဖျားလေးပဲ မှီလိုက်တယ်။ မျောက်ပွဲဆိုလို့ လည်း မှတ်မှတ်ရရ တစ်ခါပဲ ကြည့်ဖူးတယ်။ ဒါလည်း တစ်ခါဆို ဆိုသလောက် ကျွန်တော် ကြည့်မိတဲ့ မျောက်ပွဲမှာ ထူးထူးခြားခြား ကြုံခဲ့ရလို့ မှတ်မိနေတာ။
           အဲဒီအကြောင်း မပြောခင် မျောက်ပွဲကို မကြည့်ဖူးတဲ့ ခုခေတ်လူငယ်တွေ သိအောင် မျောက်ပွဲဆိုတာ ဘယ်လိုဟာလဲလို့ အရင်ပြောပြချင်တယ်။

***   ***   ***

              မျောက်ပွဲဆိုတာ အလွယ်ပြောရရင် မျောက်တွေ သရုပ်ဆောင် ကပြတဲ့ ဇာတ်အဖွဲ့လို့ ပြောရင် ရမလားပဲ။ ခေတ်မှီအောင် ပြောရင် မန်းကီးရှိုးပေါ့ဗျာ။ မျောက်ဇာတ်အဖွဲ့ တစ်ခုမှာ သရုပ်ဆောင်ကပြတဲ့ မျောက်မင်းသား၊ မျောက်မင်းသမီး ခန့်မှန်းခြေ အကောင်နှစ်ဆယ်၊ အဆိပ်လောက် ပါမယ်ထင်တယ်။ မျောက်တွေအပြင် မျောက်တွေကို ထိမ်းဖို့ မျောက်ဆရာ။ ကားဆွဲ၊ မီးထိုး၊ စတိတ်သမား။ မျောက်မင်းသား၊ မင်းသမီးတွေကို အဝတ်အစားလဲပေးတဲ့လူ စသဖြင့် လူက နှစ်ဆယ် ဒါမှမဟုတ် အဆိပ်ပေါ့။ ပါပါလိမ့်မယ်။
              ဒါပေမယ့် လူတွေက လုံးဝ ရှေ့ထွက် သရုပ်မဆောင်ဘူး။ တကယ် စင်ပေါ်မှာ ဆိုကြ၊ ကကြပဟေ့ဆို မျောက်တွေချည်းပဲ။ လူကတော့ မျောက်ဆရာလို့ ခေါ်တဲ့ မျောက်ထိမ်းတစ်ယောက်ပဲ စင်ပေါ်တက်တယ်။ မျောက်ဆရာက မျောက်တွေထွက်မပြေးအောင် ချည်ထားတဲ့ကြိုးကိုကိုင် ကြိမ်တစ်လုံး နဲ့ ဇာတ်ခုံ ကြမ်းပြင်ကို တဗျန်းဗျန်း ရိုက်ပြီး မျောက်တွေကို ထိမ်းပေးရတယ်။
              မျောက်ဆရာက ရှေ့က ကပြသရုပ်ဆောင်နေတဲ့ မျောက်တွေရဲ့ နောက်မှာ ပျဉ်ပြင်ခွေ မိန့်မိန့်ကြီး ထိုင်လို့ပေါ့။ အခုထိ မျောက်ပွဲရဲ့ မြင်ကွင်းက ကျွန်တော့် စိတ်မှာ မြင်ယောင်နေတုန်း…။

***   ***   ***

              မျောက်ဆိုတဲ့ အမျိုးကလည်း အခက်သားကလား။ မျောက်ဆရာပါ စင်ပေါ်တက် မထိုင်လို့ လုံးဝ မရဘူး။ လူ့စိတ်ဟာ မျောက်စိတ်နဲ့ အတူတူပဲလို့တောင် ပညာရှိတွေက ခိုင်းနှိုင်းကြေးသတာ။ စိတ်က လုံးဝ မတည်ငြိမ်ဘူး။
             တစ်ခါတစ်ရံ နှစ်ပါးသွားကရမယ့် နေရာမှာ တစ်ကောင်နဲ့တစ်ကောင် ကိုက်လား ကိုက်ရဲ့။ ဘုရားကန်တော့ခန်းပါဆို ဖင်ဗူးတောင်းထောင် ဦးမချပဲ၊ တစ်ကောင်နဲ့တစ်ကောင် သန်းတုပ်လား တုပ်ရဲ့။ တစ်ခါတစ်လေကြတော့လည်း ငိုချင်းချနေရာကနေ ဂျွမ်းထ ပြစ်လိုပြစ်နဲ့။ တစ်ခါတစ်ရံ အောက်က ပွဲကြည့် ပရိတ်သတ် ပြစ်ပးတဲ့ နေကြာစေ့ထုပ်တို့၊ ငှက်ပျောသီးတို့လို အစားအသာက်တွေ ထိုင်စားနေတာက ရှိသေး။
             အဲလို မျောက်တွေက အလုပ်မလုပ်ပဲ၊ အစားအသောက်တွေ ထိုင်စားနေရင် မျောက်ဆရာက ဗျန်းကနဲ လက်ထဲက ကြိမ်လုံးနဲ့ ဇာတ်ခုံကြမ်းပြင်ကို ရိုက်လိုက်တာပဲ။ မျောက်ဆရာရဲ့ ကြိမ်သံကြားတာနဲ့ စားသောက်နေတဲ့ မျောက်ဟာ ပါးစပ်ထဲက စားလက်စအစာပါ ထွက်ကျမတတ် ကြောက်လန့်ပြီး၊ လက်ထဲကိုင်ထားသမျှ မျောက်ဆရာကို သွားပေးရတာပဲ။ ဒါကြောင့်ထင်ပါရဲ့ လူကြီးတွေက “မျောက်ပြ ဆန်တောင်း”လို့ ဆိုကြသကိုး။ 
             ဒီလောက် ကြောက်ရတာကို တစ်ချို့မျောက်တွေက မျောက်ဆရာကို ကြောက်ကန်ကန် ပြန် မာန်ဖီတာမျိုးက ရှိတတ်သေး။ မျောက်ဆရာသာ အထိမ်းမ ကောင်းရင် မျောက်ပွဲက ပျက်ကရော။
             မျောက်ဆရာဆိုလို့ ကနေတဲ့ မျောက်တွေရှေ့လည်း ထွက်မရပ်နဲ့။ ပရိတ်သတ်က လုံးဝ လက်မခံဘူး။ မျောက်တွေ ကပြသရုပ်ဆောင်နေတာကို ရှေ့က လာ ကွယ်ရပါ့မလားဆိုပြီး ခဲထုခံရမယ် မှတ်။ မျောက်ပွဲ ကြည့်ဖို့လာပါတယ်ဆိုမှ မျောက်ဆရာကို ကြည့်ချင်တာမှ မဟုတ်ပဲ။ မျောက်ဆရာက မျောက်ဆရာပီပီ နောက်ကွယ်ကနေ စင်ပေါ်တက် ထိမ်းပေးရုံပဲ။
            ဒါကိုတော့ ပရိတ်သတ်ကလည်း နားလည်မှု ပေး၊ ဥပေက္ခာ ပြုထားရတာပေါ့။ ဒီလောက်မှ ခွင့်မပြုရင်လည်း မျောက်တွေရဲ့ အနုပညာကို ကျွန်တော်တို့ ဘယ် ကြည့်ရမလဲ။ ဒီတော့ မန်းကီးရှိုးဆိုတာ မျောက်ဆရာကိုပါ အပိုဆောင်းကြည့်ရတဲ့ အနုပညာ ဆိုပါ တော့ဗျာ။

***   ***   ***

              ကျွန်တော်ငယ်ငယ် ကလေးအရွယ်လောက်က နာမည်ကြီး ဇာတ်မင်းသားတွေနဲ့ အပြိုင်၊ မြန်မာပြည်တစ်ဝှမ်း ဖိန့်ဖိန့်တုန်အောင် ကျော်ကြားတဲ့ မျောက်မင်းသား တစ်ယောက် အဲလေ တစ်ကောင် ပေါ်ခဲ့ဖူးတယ်ဆိုရင် ခင်ဗျား ယုံမလား။ သူ့နာမည်က…
               မျောက်ဖိုးစိန်တဲ့…
               ဟော… ခင်ဗျား တွေးလိုက်ပြီ။ ခင်ဗျား ကြားဖူးတဲ့ နာမည် ခင်ဗျားဘာသာ အစားထိုးပြီး ဒါဟာ ဘယ်သူ့ကို ရည်ရွယ်တာလို့ ခင်ဗျား ထင်ရင်တော့ ခင်ဗျားအထင်ကို ခင်ဗျားဘာသာ တာဝန်ယူ။ ကျွန်တော်က ရိုးသားတယ်။ အမှန်တကယ် ရှိခဲ့တဲ့၊ ကျွန်တော် ကြည့်ခဲ့ဖူးတဲ့ မျောက်မင်းသား ဖိုးစိန်အကြောင်းပဲ ကျွန်တော်က ပြောမှာ။ ယုံတာ မယုံတာက ခင်ဗျားအပိုင်း။ မယုံရင်လည်း အသက်ငါးဆယ်၊ ခြောက်ဆယ် ရှေ့မှီနောက်မှီ လူကြီးတွေကို မေးကြည့်ပေါ့ဗျာ။
               မင်းသား မျောက်ဖိုးစိန်”ဆိုတာ မြန်မာ့ပွဲတော် တစ်ခေတ်မှာ တကယ် ရှိခဲ့သလားလို့…

***   ***   ***

             တစ်ခြားမြို့တွေ၊ ရွာတွေ၊ ဘုရားပွဲတော်တွေမှာတော့ မသိဘူး။ ကျွန်တော်တို့ မြို့က နယုန်ပွဲတော်မှာတော့ မျောက်ဖိုးစိန်ပါရင် ကြိတ်ကြိတ်တိုးပဲ။
            ရွှေမန်းသဘင် (ဦးချမ်းသာတို့ ညီအကို)၊ မဟာရန်ကုန် စံပြသဘင်(ဦးမိုးဝင်း၊ ဦးမိုးမင်း)၊ နန်းဝင်းတို့အဖွဲ့ (ဦးနန်းဝင်း၊ အမ နန်းခင်မွှေး)၊ ဘီအီးဒီအောင်သိုက်အဖွဲ့ (အကို ဇော်ဝင်းမောင်)၊ တွံတေးသိန်းတန်၊ မန္တလေးဇာတ်ပွဲ (ဦးသိန်းဇော်၊ ညီဝင်းမြင့်) စတဲ့ ဇာတ်အဖွဲ့တွေအပြင်။ ဦးမောင်မောင် ဆပ်ကပ်အဖွဲ့တို့လို ဖျော်ဖြေမှုတွေ မျိုးစုံအောင် ပါတာကို မျောက်ဖိုးစိန်အဖွဲ့ကတော့ ရုံပြည့်၊ ရုံလျှံ၊ ရုံကွဲပဲ။ အဲသလောက်ထိကို အားပေးကြတာ။
             ခင်ဗျား စဉ်းစားကြည့်။ မျောက်ဆိုတာ လူလို စကားပြောတတ်တာ မဟုတ်ဘူး။ သီချင်းလည်း မဆိုတတ်ဘူး။ ရယ်လည်း မရယ်တတ်ဘူး။ (သွားတော့ ဖြီးပြတတ်တယ်။ ဒါကို ရယ်တယ်လို့ ပြောရင်တော့ ရယ်တယ်ပေါ့ဗျာ။) နောက်ပြီး ကတော့လည်း လူကတာလောက် ဘယ်လာ ကောင်းမှာလဲ။ နောက်က ဖွင့်ပေးထားတဲ့ ဂီတအတိုင်း နရီစည်းဝါးကိုက် ဟိုခုန်၊ ဒီခုန်၊ ဟိုမြှောက်၊ ဒီမြှောက်ပေါ့။ သရုပ်ဆောင်တော့လည်း လူလို ငိုတတ်၊ လွမ်းတတ်တာ မဟုတ်ဘူးလေ။ ငိုချင်းချ အလွမ်းသည်ရမယ့် အခန်းဆို မျောက်ဆရာက ပုဝါလေး ပြစ်ပေးပြီး “သားရေ… ဖိုးစိန်ကြီး၊ ငိုတဲ့ဟန်လေး လုပ်လိုက်ပါဦးကွယ်” လို့ ပြောလိုက်တာပဲ။ ဒါဆို မျောက်က ပုဝါလေး ခေါင်းမြီး ခြုံပြီး သူ့ကိုယ်လေး လှုပ်ကာလှုပ်ကာနဲ့ ရှိုက်ငိုတဲ့ ဟန်လေး လုပ်လိုက်တာပဲ။ ဒါကိုပဲ အောက်က ပွဲကြည့်ပရိတ်သတ်က တစ်ဝါးဝါး ပွဲကျကုန်တာပေါ့။ တစ်ချို့ဆို “ဖိုးစိန်ကြီးတို့ သရုပ်ဆောင်ချက် ပိုင်သကွာ”လို့ ချီးမွမ်းတဲ့ သူတောင် ရှိသေး။
             မျောက်တစ်ကောင်အတွက်ကတော့ လူစိတ်မွေး၊ လူလို နှလုံးသွင်း၊ ဈာန်ဝင်စားပြီး ကပြသရုပ် ဆောင်ဖို့ မလိုပါဘူး။ နောက်က ကက်ဆက်နဲ့ ဖွင့်ပေးတဲ့ သီးချင်းအတိုင်း စည်းဝါးကိုက်အောင် ခုန်တတ်ရင် ပြီးတာပဲ။ ဇာတ်ထုပ်၊ ဇာတ်လမ်းဆိုလည်း ကက်ဆက်ခွေထဲက ပါတဲ့ အသံတွေကို နောက်ကနေ မျောက်ဆရာက နားထောင်ပြီး “ဟိုဟာ လုပ်၊ ဒီဟာ လုပ်”နဲ့ စင်ပေါ်က မျောက်တွေရဲ့ ခါးကို ကြိမ်နဲ့ တို့တို့ ပေးတာပဲ။ တစ်ကောင်နဲ့ တစ်ကောင် သန်းတုပ်တာ၊ အစာလုတာ၊ ရန်ဖြစ်တာ မရှိပဲ သဏ္ဍာန်လုပ် သရုပ်ဆောင်နေရင် ပရိတ်သတ်က လက်ခုပ်တစ်ဖြောင်းဖြောင်း တီးပေးတာပေါ့။ ဒါ… မန်းကီးရှိုးရဲ့ သဘာဝပဲ…။

***   ***   ***

             ခုနှစ်တော့ သေချာ မမှတ်မိဘူး။ တစ်နှစ်သားဟာ နယုန်ပွဲမှာ ကျွန်တော် မျောက်ပွဲသွား ကြည့်တယ်။ အဖေနဲ့ အမေလည်းပါတယ်။
             “ပြည်သူချစ် မင်းသားချော မျောက်ဖိုးစိန်”ဆိုတဲ့ ဂိတ်ရှိုးကြီးက ရုံပေါက်မှာ ဟီးလို့။ မျောက်မင်းသားဖိုးစိန်ရဲ့ ပုံကို ဇာတ်သဘင်ပန်းချီဆရာ အကျော်အမော်တွေနဲ့ ဆွဲထားတာနော်။ လျှော့ မတွက်နဲ့။ အဖေက တခမ်းတနား လုပ်ထားတဲ့ မျောက်ဖိုးစိန်ရဲ့ ဂိတ်ရှိုးကို ကြည့်ပြီး ပြောသေးတယ်။ “ဖိုးစိန်တို့များကွာ လူကို အတုလိုက် ခိုးလိုက်ပုံတော့ ဂိတ်ရှိုးကမစ ဇာတ်ကြီးတွေ အတိုင်းပဲ”တဲ့။
               ဟုတ်လည်း ဟုတ်တယ်။ အခုထိ မျောက်ဖိုးစိန်ပုံက ကျွန်တော့် မျက်စေ့ထဲ စွဲနေတုန်း။ ဂိတ်ရှိုးမှာ မင်းသားခေါင်းပေါင်း၊ မင်းသားဝတ်စုံနဲ့ ရှေးခေတ်က ဇာတ်မင်းသားကြီ်း ဦးဖိုးစိန်လို လည်ပင်းမှာ ဆုတံဆိပ်တွေက ဆွဲထားလိုက်သေး။ လက်ကြီးပိုက်ပြီး ခန့်ခန့်ကြီး ပြုံးပြနေတာ။ (အမှန်ကတော့ သွားကြီး ဖြီးထားတာ) ဘေးက မျောက်မင်းသမီးတွေ ပုံလည်း ပါသေးတယ်။
               ကျွန်တော်က ကလေးဆိုတော့ မသိဘူး။ “အဖေ…၊ ဖိုးစိန်က ဘယ်ကောင်းတုန်းဗျ”လို့ မေးတော့၊ အဖေက မင်းသားဝတ်နဲ့ မျောက်ကို လက်ညှိုး ထိုးပြပြီး…
               “ဟိုဟာလေကွာ ငါ့သားရ…၊ ဆုတံဆိပ်တွေ လည်ပင်းမှာ ဆွဲပြီး မင်းသားအဝတ်အစားနဲ့ အလယ်ခေါင်မှာ လက်ပိုက်ထားတာ”တဲ့။ အဖေ ပြောလို့သာ ဖိုးစိန်လို့ ယုံလိုက်ရတာ။ မျောက်တွေကဖြင့် တစ်ကောင်နဲ့တစ်ကောင် အတူတူပါပဲ။ ဗိန်မသာ၊ လိမ်မသာဆိုပါတော့။ ကျွန်တော်ဖြင့် ဘယ်မျောက် ကြည့်ကြည့် ဒီမျက်ခွက်ချည်း မှတ်တာပဲ။
                အေးလေ… ဒါ မန်းကီးရှိုးပေကိုး…။

***   ***   ***

              ဇာတ်ရုံထဲ ရောက်လို့ မျောက်ပွဲစတာနဲ့ တစ်ပြိုင်တည်း ကျွန်တော် သိလိုက်ပြီ။ မျောက်ဖိုးစိန်ဆိုတာ မျောက်တကာ မျောက်ထဲမှာ အကြီးဆုံးအကောင်ကို ခေါ်တာကိုး။ အင်း… မျောက်ဆိုတာကလည်း နောက်က ကက်ဆက်ဖွင့်ပေးသမျှ၊ မျောက်ဆရာ ခိုင်းသမျှ ရှေ့ထွက် သရုပ်ဆောင်ရတာ ဆိုတော့ လူတွေလို အသံကောင်းဖို့၊ အကကောင်းဖို့၊ ရုပ်ချောဖို့ လုံးဝ မလိုဘူးလေ။ အကောင်ကြီးရုံနဲ့ ခေါင်းဆောင်မင်းသား ဖြစ်တာပဲ။
               ပရိတ်သတ်က သဘောကျလိုက်ပုံများတော့ ဖိုးစိန်ကြီး ဦးဆောင်ပြီး ဘုရားကန်တော့ခန်း ထွက်ပါပြီ ဆိုကတည်းက လက်ခုပ်တဖြောင်းဖြောင်း တီးတော့တာပဲ။ တီးမယ်ဆိုလည်း တီးလောက်ပါရဲ့ ဗျာ။ မျောက်ဇာတ်မလို့ ဘုရားကန်တော့ခန်းကို ဖြစ်သလို ပိတ်ဖြူပေါ်မှာ ဘုရားပုံထိုးပြီး တင်ဆက်မလား မှတ်တယ်။ မဟုတ်ဘူးဗျို့။
               တီးလုံးစလို့ ကန်လန့်ကာ ဆွဲဖွင့်လိုက်တာနဲ့ ဇာတ်ခုံအလယ်ခေါင် တည့်တည့်မှာ အထပ်သားပေါ်မှာ ပန်းချီဆွဲထားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ ပဉ္စဝဂ္ဂီငါးပါးပုံကို အရင် စမြင်ရတယ်။ အင်ထရို တီးလုံးဆုံးလို့ အဆိုပိုဒ်လည်း စရော ဇာတ်ခုံဘေး တစ်ဖက်တစ်ချက်ကနေ မင်းသမီးဝတ်စုံနဲ့ မျောက်မလေးတွေ ထွက်လာတယ်။ လက်ထဲမှာလည်း ပန်းခြောက်လေးတွေ ကိုင်လို့။ အမှန်ကတော့ ထိုင်မသိမ်း ချိတ်ထမီတွေ ဝတ်ထားလို့သာ မျောက်မင်းသမီးလို့ ပြောရတာ။ မျောက်ထီးတွေလည်း ဖြစ်နိုင်တာပဲ။ မျောက်ဆိုတာ မျက်ခွက်ကို ကြည့်ပြီး အထီးအမ ခွဲလို့မှ မရတာ။
             ထားပါတော့။ အဲဒီ မျောက်မင်းသမီးလေးတွေက လက်ထဲက ပန်းလေးတွေ မြှောက်မြှောက်ပြီး စည်းကိုက် ဝါးကိုက် ခုန်ပြတယ်။ မျောက်ယိမ်းပေါ့ဗျာ။ ပန်းကလေးတွေ မြှောက်လိုက်၊ ခုန်လိုက်နဲ့ လုပ်နေတဲ့ မျောက်တွေကို ကြည့်ပြီး အမေက အဖေ့ကို တိုးတိုး ကပ်ပြောလိုက်သေးတယ်။
            “ပန်းတွေနေရာမှာ ဆီမီးခွက်လေးတွေဆို ပိုကောင်းမယ်နော် ကိုတင်စိုး”တဲ့။ အမေ့ရဲ့ ခံစားမှုအမြင်နဲ့ ဝေဖန်တဲ့ သဘင်အနုပညာ ဝေဖန်သုံးသပ်ချက်ကို ကြားတော့ အဖေက အလန့်တကြား ထကန့်ကွက်တယ်။ “မလုပ်ပါနဲ့ မိန်းမရာ၊ မျောက်ဆိုတာ စိတ်ချရတာ မဟုတ်ဘူး။ မတော်… ဘုရားရှိခိုးရာကနေ ကားလိပ်တွေ မီးနဲ့ ထရှို့လို့ တို့ ပြေးပေါက် မှားနေပါ့မယ်”တဲ့။
             ဒီလိုနဲ့ ဘုရားရှိခိုးသီချင်း တစ်ပိုဒ်ဆုံးလို့ တီးလုံးလည်းဝင်ရော လာပါပြီဗျာ။ မောင်းမင်းကြီးသား မျောက်ဖိုးစိန် ဘုရင်အဝတ်အစားနဲ့ ထည်ထည်ကြီး ထွက်လာတယ်။ မျောက်မိဘုရား၊ မျောက်ဝန်ကြီး၊ မျောက်စစ်သည် ဗိုလ်ပါ၊ မျောက်မောင်းမမိဿန် အပေါင်းခြံရံလို့။ သံလျှက်ကြီးကိုင်၊ မင်းမြောက်တန်ဆာ ငါးပါး ဆင်ယင်ပြီး မျောက်တကာမျောက်ထဲ အကောင်အကြီးဆုံး မျောက်ဖိုးစိန်ကြီးဟာ ကျွန်တော့်ရဲ့ ကလေးမျက်စေ့ထဲမှာ ဘယ်လို ခန့်လို့ ခန့်မှန်းကို မသိအောင် ကြည့်ကောင်းနေတယ်။
            နောက်တော့ မျောက်ဖိုးစိန်ကြီးနဲ့ သူ့ရဲ့ နောက်လိုက် နောက်ပါ အခြွေအရံတွေဟာ ဇာတ်ခုံအ လယ်က ဘုရားရှင်နဲ့ ပဉ္စဝဂ္ဂီငါးပါးရဲ့ ပုံတော်ကို အိနြေ္ဒရရ ကုန်းကန်တော့ကြပါလေရော။ သရဏဂုံကို ဘာမှန်းမသိပေမယ့် မျောက်ဘုရင်ကြီးခမျာ မျောက်ဆရာရဲ့ ကြိမ်နပြာကို ကြောက်ပြီး ဦးသုံးကြိမ် ချလိုက်ရတယ် ဆိုပါရောဗျာ။
              အဖေက ကျွန်တော့ကို နားနား ကပ်ပြောတယ်။
              “ငါ့သား အဲဒီ ဘုရားရှိခိုးခန်းက မင့်ဦးလေး ဦးသိန်းဇော် ဒီနှစ် သူ့ဇာတ်ခုံပေါ်မှာ တင်ဆက်တဲ့ ပုံစံကွ။ မျောက်ဖိုးစိန်က အတုလိုက် ခိုးထားတာ။ မျောက်ဆိုတာ လူတွေလို ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း သိတာလိုက်လို”့တဲ့…။

***   ***   ***

               အဖေပြောတာ ဟုတ်တယ်။ မျောက်ဖိုးစိန်ရဲ့ အနုပညာ တင်ဆက်မှုတွေ အကုန်လုံးက အဲဒီအချိန်က နာမည်ကြီးတဲ့ ဇာတ်အဖွဲ့ကြီးတွေရဲ့ တင်ဆက်မှုတွေကို အတတ်နိုင်ဆုံး ပုံတူ ကူးထားတာပဲ။
               တေးသံသာ အစီအစဉ်ကြတော့လည်း ဦးမိုဝင်းတို့၊ ဦးမိုးမင်းတို့ စတိုင်အတိုင်း တစ်ပုံစံတည်း ထွက်လာတယ်။ အင်္ကျီမှာ မီးရောင်စုံ စီးရီးကုံးတွေ ဆင်လို့။ ပရိတ်သတ်ဆိုတာ လက်ခုပ်တစ်ဖြောင်း ဖြောင်း။ တီးလို့ကို မဆုံးတော့ဘူး။ နောက်က စတေ့ရှိုး ဘက်ဂရောင်းကိုတောင် အဲဒီခေတ်က ဇာတ်အဖွဲ့ကြီးတွေမှာသာ လုပ်တဲ့ မီးကန့်လန့်ကာနဲ့တောင် အလှဆင်ထားလိုက်သေး။ မခန့်ပုံ။
              မီးတွေအကုန်လုံးများ မှိတ်ချလိုက်ရင် ပြာလဲ့လဲ့ အနုမြူမီးချောင်းအရောင်က တစ်ဖျပ်ဖျပ်နဲ့။ ကျွန်တော်ကတော့ အနုမြူမီးချောင်းရောင်ကို မကြိုက်ဘူး။ ကြည့်ရတာ မျက်ချီးမပြောင်သလိုပဲ၊ ပေကလပ် ပေကလပ်နဲ့။ ပရိတ်သတ်ကတော့ ဟာကနဲ ဟင်ကနဲပေါ့လေ။ တစ်ချို့က မနေနိုင်ဘူး။ ပါးစပ်ကတောင် အကျယ်ကြီး ချီးကျူးလိုက်သေးတယ်။
               “မျောက်ဖိုးစိန်အဖွဲ့ကတော့ကွာ လုပ်ထားချက် မကျန်ဘူး။ တော်ရုံဇာတ်တောင် ဖိုးစိန်လောက် မလုပ်နိုင်ဘူး”တဲ့။ ဟာ ဟ…။

***   ***   ***

              နှစ်ပါးသွား…
             ကျွန်တော့် ဦးလေး မန္တလေးသိန်းဇော်ရဲ့ “သောင်းတိုက်ကကျော်”နဲ့ ပန်းစည်းလေး ကိုင်ပြီး ထွက်တယ်။ နောက်တော့ ဦးမိုးဝင်းရဲ့ “မိုးမိုးချောလို့လား”ဆိုတဲ့ သီချင်းနဲ့ ဂျွမ်းတွေ ထိုးပြန်ရော။ မျောက်တွေကတဲ့ နှစ်ပါးသွားက လူတွေကသလို အကြာကြီးတော့ ကလို့မရဘူးဗျ။ ဘာလို့ဆို သူတို့က ကက်ဆက်ဖွင့် ကရတာလေ။ ကက်ဆက်ခွေထဲမှာ လူရွှင်တော် ပျက်လုံးမှ မပါတာ။ သူတို့ရဲ့ မျောက်လူရွှင်တော်တွေကလည်း လူတွေလို သန္ဓေမှန်၊ လေမှန်၊ မျက်နှာခံတွေ၊ ဘာတွေနဲ့ ပျက်လုံး ပျက်တတ်တာမှ မဟုတ်ပဲ။ ဒီတော့ မျောက်ဖိုးစိန်အဖွဲ့ရဲ့ နှစ်ပါးသွားကတော့ ဟိုခုန်၊ ဒီခုန်၊ ဟိုမြှောက်၊ ဒီမြှောက်နဲ့ ရယ်စရာမပါ။ ခြောက်ကပ်ကပ်ကြီးပါဗျာ။
               ဂျွမ်းထိုးကတော့ ပိုင်သဗျို…။ ဘာကောင်းလဲ မမေးနဲ့။ မျောက်ကိုးဗျ။ ပေပါထဲထိုးလိုက်။ ကလပ်ပေါ်ထိုးလိုက်။ သူတို့ အမွှေးတွေ မီးလောင်မှာမှ မကြောက် မီးကွင်းထဲတောင် တစ်ပါတ်ဂျွမ်း ခုတ်ပြလိုက်သေး..။ အဟေး… ဟေး…။
               နောက်ဆုံး နှစ်ပါးအသိမ်း။ ဦးနန်းဝင်းရဲ့ “ကန်လန့်ကာကြီးရယ် နေပါဦး”ဆိုတဲ့ သီချင်းနဲ့ သိမ်းတယ်။ အဲဒီကြတော့ ခေါင်းဆောင်မင်းသား ဖိုးစိန်ကြီး တစ်ကောင်တည်း ဂျွမ်းတွင်တွင် ထိုးနေတာကို အားကျတယ်ထင်ပါ့။ နောက်ကနေ တစ်ချိန်လုံး ခုန်ဆွခုန်ဆွ လုပ်နေတဲ့ မျောက်မင်းသမီးတွေရော၊ ဘာမှ မလုပ်ရလို့ ပျင်းနေတဲ့ မျောက်လူရွှင်တော်တွေရော ဖိုးစိန်တစ်ဖွဲ့လုံး ဗြောင်းဆန်အောင် ဂျွမ်းထိုးကုန်ပါ လေရော…။
               ပရိတ်သတ်က တဝေါဝေါ၊ တသောသော ရယ်လိုက်ကြတာ ပါတ်တုပ်လို့ မနိုင်ဘူး။ ပထမတော့ ဒါ ပရိတ်သတ် ပွဲကျအောင် တမင် ဇာတ်တိုက်ထားတဲ့ တင်ဆက်မှုလို့ ထင်တာ။ ဘယ်ဟုတ်မတုန်း။ ဖိုးစိန်ကြီးက “ငါသာ ခေါင်းဆောင်မင်းသား။ ဂျွမ်းထိုးစရာ ရှိရင် ငါပဲ ထိုးမယ်။ နင်တို့ မထိုးရဘူး”လို့ တွေးသလား မသိ။ ဂျွမ်းထိုးနေတဲ့ မျောက်မှန်သမျှ မဲမဲမြင် အကုန် လိုက်ကိုက်တော့တာပဲ။ အကောင်ကလည်း မျောက်ထဲမှာ အကြီးဆုံး၊ ခေါင်းဆောင်မင်းသားလည်း ဖြစ်နေတော့ မျောက်ဇာတ်သမားတွေက ဖိုးစိန်ကြီးကို ကြောက်ရထင်ပါ့။ ဘယ်ကောင်မှ သူနဲ့ ယှဉ်မကိုက်ရဲဘူး။ အကုန် ဇာတ်ရုံနောက်ထဲ ဆင်းပြေးကုန်ကြတယ်။
              မျောက်ဆရာလည်း သူ့မျောက်တွေသူ “ကန်လန့်ကာကြီးရယ် နေပါ့ဦး”ဆိုတဲ့ သီချင်းတောင် ဆုံးအောင် မထိမ်းနိုင်တော့ပဲ၊ ဇွတ်ကို ကန်လန့်ကာ ချခိုင်းလိုက်ရတယ်။ ဝရုန်းသုန်းကားနဲ့ ပြီးသွားတဲ့ မျောက်ဖိုးစိန် နှစ်ပါးသွားပါပဲဗျာ။ ပရိတ်သတ်ဆိုတာကတော့ တဝါးဝါး၊ တဟားဟားပေါ့…။

***   ***   ***

               ဒါနဲ့တင် ပြီးသလားဆိုတော့ မပြီးဘူး။ မန်ကီးရှိုးရဲ့ တကယ့်အနှစ်က နောက်ပိုင်းဇာတ်တော်ပဲ။ မျောက်ဖိုးစိန်အဖွဲ့ရဲ့ တကယ့် ပြဿနာကြီးကလည်း နောက်ပိုင်းဇာတ်တော်ကြီး တင်ဆက်မှ စတယ်လို့ပဲ ပြောပါတော့။ ကျွန်တော့် ဘဝမှာတော့ ဘယ်တော့မှ “မမေ့နိုင်တဲ့၊ ထိမ်းမနိုင် သိမ်းမရ မျောက်ပွဲည”လို့ ဆိုရမလိုပါပဲ။ အခုထိ ဖိုးစိန်ကြီးနဲ့ သူ့အဖွဲ့ မျောက်တွေရဲ့ မျက်နှာကို မြင်နေတုန်း။ မြင်တိုင်းလည်း ကြောက်စိတ်နဲ့ ရင်တဒိတ်ဒိတ် ခုန်ရတုန်းပါဗျာ။
             ဖြစ်ပုံက ဒီလို…
            မျောက်ပွဲ တစ်ပွဲမှာ နောက်ပိုင်းဇာတ်တော်ကြီး တင်ဆက်ပြီးရင် ပွဲပြီးပြီ။ ဇာတ်အဖွဲ့ကြီးတွေ လိုပေါ့။ ပရိတ်သတ် စိတ်အဝင်စားဆုံးကလည်း အဲဒီ နောက်ပိုင်းဇာတ်တော်ပဲ။ ဘဘ ရွှေမန်း ဦးတင်မောင် တို့၊ အဘ ဦးစိန်အောင်မင်းတို့၊ ပန်တျာ ဦးကြည်လင်တို့ရဲ့ နာမည်ကြီး နောက်ပိုင်းဇာတ်ထုပ်တွေကို ထုံးစံအတိုင်း နောက်ကနေ ကက်ဆက် ဖွင့်ပေးတာပါပဲ။ မျောက်ဖိုးစိန်နဲ့ သူ့အဖွဲ့က ရှေ့ကနေ ပလေးဘက် သရုပ်ဆောင်ရတာပေါ့။
            မျောက်ဖိုးစိန်ကလည်း နောက်ပိုင်းဇာတ်တော်မှာ သူများအနုပညာကို ပလေးဘက် သရုပ်ဆောင် ကောင်းတာနဲ့ နာမည်ရလာတဲ့ မျောက်မင်းသားဆိုတော့ ပရိတ်သတ်က ပိုပြီး စိတ်ဝင်စားတာပေါ့။ အဲဒီနေ့က ဘယ်သူ့ဇာတ်တော်၊ ဘာဇာတ်တော် ကတယ်ဆိုတာတော့ ကျွန်တော် မမှတ်မိတော့ဘူး။ ကျွန်တော် မှတ်မိတာက မျောက်ဖိုးစိန်အဖွဲ့ကို အားပေးကြတဲ့ ရုံပြည့်၊ ရုံလျှံ ပရိတ်သတ်ကြီးဟာ စိတ်ဝင်စားလွန်းလို့ ဇာတ်ရုံတစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ် ဆိုတာပဲ။ နောက်ကဖွင့်ပေးထားတဲ့ ဇာတ်ကွက်အတိုင်း မျောက်မင်းသား၊ မင်းသမီး မျောက်ဇာတ်သမားတွေက တကယ့်ကို ပီပီပြင်ပြင် သရုပ်ဆောင်ကြတယ်။
             နောက်က ဇာတ်ကွက်အတိုင်း ပျော်စရာရှိရင် ပျော်တဲ့ဟန်။ မြူးစရာရှိရင် မြူးတဲ့ဟန်။ ငိုစရာရှိရင် ငိုတဲ့ဟန်။ မျောက်တွေ ကပြသရုပ်ဆောင်သမျှ ခုန်ကြ၊ ပေါက်ကြ၊ မြူးကြ၊ မှိုင်ကြနဲ့ ပရိတ်သတ်ကြီးရဲ့ စိတ်တွေပါ လိုက်ပါ စီးမြောလို့။ ကျွန်တော်တို့ အချစ်တော် ဖိုးစိန်ကြီးကလည်း ကက်ဆက်ထဲက မင်းသားကြီးတွေ ငိုချင်းချလို့ “အမယ်လေး…”လို့ ချီလိုက်တာနဲ့ သူ့ရင်ဘတ်ကြီးကို ထုထုပြလိုက်တာများ ဒါ မျောက်ပါ့လား ဆိုတာတောင် မေ့သွားတယ်။ လူအစစ် ငိုနေတဲ့ အတိုင်းပဲ။

***   ***   ***

              ဒီလိုနဲ့ ပလေးဘက်ဖွင့်ပေးထားတဲ့ တိတ်ခွေကုန်ကာနီးချိန်၊ နောက်ပိုင်းဇာတ်တော်ကြီးရဲ့ ဇာတ်သိမ်း ခန်းကို ရောက်လာပါတော့တယ်။ ဘုရင်ဖြစ်တဲ့ မျောက်ဖိုးစိန်ကြီးက သန်လျက်ကြီးကိုင်လို့ ရာဇပုလ္လင်ပေါ် ခန့်ခန့်ကြီးထိုင်။ သူ့ရှေ့ ဇာတ်ခုံကြမ်းပြင် (ဇာတ်လမ်းအရတော့ နန်းရင်ပြင်ပေါ့ဗျာ)မှာ ရင်ကွဲနာကျ သေဆုံးသွားတဲ့ မိဘုရားအလောင်း။ မူးကြီးမတ်ရာ၊ သေနာပတိ၊ မောင်းမမိဿန် အခြံအရံတွေနဲ့ ဇာတ်ထွတ်ပိုင်း အပူတိုက်ခန်းပေါ့ဗျာ။
              ကက်ဆက်ဇာတ်လမ်းထဲက ငိုချင်းချတဲ့ အမယ်လေးသံ ထွက်ထွက်လာတိုင်း ဘုရင်လုပ်တဲ့ ဖိုးစိန်ကြီးက ရင်ဘတ်ကြီး ထုထုငိုတာပေါ့။ အောက်က မူးကြီးမတ်ရာအဖြစ် သရုပ်ဆောင်တဲ့ မျောက်တွေကလည်း ကက်ဆက်ထဲက “ရာဇအိနြေ္ဒ ထိမ်းတော်မူပါဘုရာ့”၊ “တရားနှလုံးသွင်း ရွှေစိတ်တော် တင်းတော်မူပါဘုရား”စတဲ့ အပို့ဝန်တွေရဲ့ အသံတွေ ထွက်လာတိုင်း လက်ကလေးတွေ မြှောက်မြှောက်ပြီး၊ သဏ္ဍာန်လုပ် သရုပ်ဆောင်နေတဲ့ အချိန်….။
               ပရိတ်သတ်ကလည်း ငြိမ်လို့။ ပွဲချိန် ပြီးကာနီး ရုံဖွင့်ပေးထားတော့ ရုံအပြည့် ပရိတ်သတ်ပါမက၊ ရုံအပြင် ပွဲဈေးတန်းက မတ်တတ်ရပ်ကြည့်နေတဲ့ ပရိတ်သတ်ကြီးပါ စိတ်ဝင်တစား တိတ်ဆိတ်နေတဲ့ အချိန်။ ဇာတ်ကလည်း အတော်နာထားတဲ့ အလွမ်းဇာတ်ဆိုတော့ ဘယ်သူမှ တုပ်တုပ်မလှုပ်ကြဘူး။ ဆိုရရင် အဲဒီ ခဏမှာ နောက်က မိန့်မိန့်ကြီးထိုင် ကြိုးကိုင်နေတဲ့ မျောက်ဆရာကိုတောင် ပရိတ်သတ်က မမြင်တော့ဘူး ထင်တာပဲ။ တစ်ချို့ အမယ်ကြီးတွေဆို လက်ကိုင်ပဝါလေး တို့ကာတို့ကာနဲ့ တအိအိ ကြိတ်ရှိုက်နေကြသေးတယ်။ ဝမ်းနည်းတတ်တဲ့ အဖိုးအိုတွေကတော့ မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်၊ ပုဆိုးခါးပုံစလေး မသိမသာ ဆွဲပြီး ဗြီးဆို နှပ်ကလေး ညှစ်လိုက်ပေါ့။
                အဲသလောက် ပရိတ်သတ် စိတ်ဝင်စားပြီး ဇာတ်လမ်းကောင်းနေတုန်း ပြဿနာက တစ်ကောင်ချင်း ဖြေးဖြေးလေး ဝင်လာတယ်။ အစတော့ သတိမထား မိဘူး။

***   ***   ***

                တစ်ခြားမဟုတ်ပါဘူး။ “ပလူ”လို့ ခေါ်တဲ့ အကောင်လးတွေပါ။ ကျွန်တော်ကတော့ အဲဒီ အကောင်လေးတွေကို “အတောင်ပံပါတဲ့ ပုရွက်ဆိပ်”လို့ သမုတ်တယ်။ ပလူက မိုးရွာမှာမလို့ မိုးမရွာခင် ထွက်တာလား။ ဒါမှမဟုတ် မိုးရွာပြီး နောက်ထပ် မရွာတော့ဘူးဆိုမှ ထွက်တာလား ကျွန်တော်တော့ မသိဘူး။ အဲဒီညက အဲဒီ အကောင်တွေ ရုံဝင်လက်မှတ် မဝယ်ပဲ၊ ရုံထဲ ရောက်လာတယ်။
                ပထမတော့ တစ်ကောင်စ၊ နှစ်ကောင်စ။ နောက်တော့ တဖြေးဖြေး များလာတယ်။ ပရိတ်သတ်ကလည်း သတိမထားမိဘူး။ နောက်ပြီး ပလူတွေက မှောင်နေတဲ့ ပရိတ်သတ်ထဲ သိပ်မနေဘူး။ အလင်းရောင်ရှိတဲ့ ဇာတ်ခုံပေါ်မှာ ပိုပိုများလာတယ်။
                နဲနဲ များလာတော့ ဝန်ကြီးလုပ်တဲ့ မျောက်တွေ သိပ် အိနြေ္ဒမရချင်တော့ဘူး။ မောင်းမမိဿန်၊ မူးမတ် အခြွေအရံတွေလည်း လှုပ်စိလှုပ်စိ။ ပရိတ်သတ်က ဒီမျောက်တွေ ဘာဖြစ်တာလဲပေါ့။ အကောင်းကြီးကနေ ဂနာမငြိမ် ဖြစ်လာတယ်။ ကျွန်တော်လည်း သိချင်တာနဲ့ ဇာတ်ခုံပေါ် သေချာ စူးစိုက်ကြည့်တော့… လားလား…။
             မောင်မင်းကြီးသား မျောက်တွေက ဇာတ်ခုံပေါ် မျက်စေ့နောက်အောင် ကျနေတဲ့ ပလူတွေ ကောက်စားနေတာကိုး။ ဒါကို ပုလ္လင်ရဲ့နောက် မကွယ့်တကွယ် အမှောင်ထဲကနေ ကြိုးကိုင်ထားတဲ့ မျောက်ဆရာက မသိဘူး။ သူက ဖိုးစိန်ကြီးကိုပဲ မဲ ထိမ်းနေတာလေ။
                 ဒီနေရာမှာ ဖိုးစိန်ကြီးကို ကျွန်တော် အံ့သြချီးကျူးမိတာတော့ အမှန်ပဲ။ ဒီလောက် ပလူတွေကျပြီး တစ်ခြားမျောက်တွေ အိနြေ္ဒမရ ကောက်စားနေတာတောင် သူက ဖိန့်ဖိန့်နဲ့ သရုပ်ဆောင် မပျက်ဘူး။ တစ်ချို့ ပရိတ်သတ်ကတော့ ဇာတ်ခုံပေါ်က မျောက်တွေရဲ့ အခြေအနေမှန်ကို သိနေပြီ။ ဇာတ်ရှိန်ကောင်းနေတော့ ပွဲပျက်မှာစိုးပြီး ကိုယ့်ဟာကိုယ် တခွိခွိနဲ့ ကြိတ်ရယ်နေကြတယ်။ ဖိုးစိန်ကြီးကလည်း ရင်ဘတ်ကြီး ထုထုပြီး ငိုတုန်းပေါ့ဗျာ။ စိတ်တင်း ဟန်ဆောင်ထားလိုက်ပုံများ ခေါင်းဆောင် မျောက်မင်းသား ပီသပါပေရဲ့။ မျောက်ဆရာ အလစ်ကို ချောင်းချောင်းပြီး တစ်ချက်တစ်ချက် ပလူတွေ ဖမ်းဖမ်းပြီး ပါးစပ်ထဲ ကမန်းကတမ်း သွတ်လိုက်သေး။ ပရိတ်သတ်က သူ့ကြည့်ပြီး တခွိခွိ…။

***    ***    ***

             ရှင်ဘုရင် ဖိုးစိန်ကြီး ဘယ်လောက် အိနြေ္ဒကောင်းကောင်း အောက်က သေနေတဲ့ မိဘုရား တစ်ချက်ထလိုက်တာ ပွဲကို ပျက်ကရောဗျို…။
              ဖြစ်ချင်တော့…
              ရာဇပုလ္လင်တော်ရှေ့ နန်းရင်ပြင်မှာ မျက်စေ့မှိတ်ပြီး သေသလို သရုပ်ဆောင်ထားတဲ့ မျောက်မိဘုရားဟာ အစကတော့ ပလူတွေ ကျတာ သိပုံမရဘူး။ တဖြေးဖြေး သူ့ကို ပွေ့ထားတဲ့ မျောက်မောင်းမတွေက သူ့ကို လွတ်ချ၊ ကြမ်းပြင်က ပလူတွေ ကောက်ကောက်တွယ်နေမှ အဖြစ်အပျက်ကို သိသွားပုံရတယ်။ သေရာကနေ ဝုန်းကနဲ ခုန်ထပြီး ပလူတွေ ဖမ်းပါလေရော။ အဖြစ်အပျက်က အရမ်းမြန်တယ်။
               သေနေတဲ့ မိဘုရား အသက်ရှင်ဘိ အလားကဲ့သို့ ငွားငွားကြီး ခုန်ထတော့ သူကောင့်သား ဖိုးစိန် ဘာခံနိုင် လိမ့်မတုန်း။ ပုလ္လင်ပေါ်ကနေ လွှားကနဲ ခုန်ဆင်း မိဘုရားကိုလည်း အတင်းဗျင်း။ ပလူတွေလည်း စားရင်း တစ်ခြား မျောက်မူးမတ် အခြွေအရံတွေကိုပါ တခွီးခွီးအော်ပြီး လိုက်ကိုက်ပါလေရော။
               မျောက်တွေခမျာလည်း ရုတ်တရက် စိတ်ဖေါက်သွားတဲ့ ဖိုးစိန်ကြီးကို ကြောက်ပြီး၊ ချည်ထားတဲ့ ကြိုးကို ကိုက်ဖြတ်တဲ့ကောင်က ဖြတ်။ အော်တဲ့ကောင်က အော်။ ရုန်းတဲ့ကောင်က ရုန်းနဲ့။ တိုင်းပြည် ပျက်သလား မှတ်ရတယ်။
               နောက်ပိုင်းဇာတ်တော်ရဲ့ ဇာတ်သိမ်းခန်း ဘုရင့် နန်းရင်ပြင်ဆိုတော့ ပါဝင်သရုပ်ဆောင်ရတဲ့ မျောက်က ဘုရင် ဖိုးစိန်ကြီး အပါအဝင် ဆယ်ကောင်လောက် ရှိလိမ့်မယ်။ မထင်မှတ်ပဲ ဖြစ်သွားတာ။ အဖြစ်အပျက်ကလည်း မြန်ဆန်လွန်းတော့ နောက်က ကြိုးကိုင်ထားတဲ့ မျောက်ဆရာခမျာ လုံးဝ မထိမ်းနိုင်ရှာတော့ဘူး။ လွတ်တဲ့ကောင်က လွတ်။ ပြေးတဲ့ကောင်က ပြေး။ ထုတ်တန်းတွေပေါ် တက်တဲ့အကောင်က တက်နဲ့။ ပွဲပျက်ရောဗျာ။ ပရိတ်သတ်ကလည်း စဖြစ်တုန်းကတော့ တဝါးဝါးနဲ့ ပွဲကျနေတာ။ ဒါပေမယ့် မျောက်တွေက ပရိတ်သတ်ထဲထိ မာန်ဖီ၊ အော်ဟစ်ဆူညံပြီး ဆင်းပြေးလာကြတော့ ပရိတ်တွေလည်း ဖရိုဖရဲ ထပြေးကုန်ကြရော။
                အဲဒီအခါ…
                ဖခင်တစ်ယောက်ရဲ့ လျှပ်တစ်ပြက် ဖြစ်ပေါ်လာတဲ့ “မိသားစုကို အကာအကွယ် ပေးချင်တဲ့ ဖခင်စိတ်”ကို ကျွန်တော် အထင်အရှား တွေ့လိုက်ရတယ်။ အဲလို ဝရုန်းသုန်းကား ဖြစ်နေတဲ့ ပွဲကြည့် ပရိတ်သတ်တွေကြားထဲကနေ အဖေဟာ ဝုန်းကနဲ ခုန်ထ။ ကလေးပဲ ရှိသေးတဲ့ ကျွန်တော့် ခန္တာကိုယ်လေးကို ဆွေ့ကနဲ ကောက်ပွေ့လိုက်တယ်။ ပြီးတော့ အမေ့လက်ကို ဇွတ်ဆွဲပြီး ဇာတ်ရုံပေါက်ကို ယောက်ျားအားနဲ့ အတင်းတိုးထွက်တယ်။ အဖေ့ရဲ့ အင်းနဲ့အားနဲတွန်းထိုး ဆွဲခေါ်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော်နဲ့အမေ အဲဒီညက ရုံပြင် ရောက်ဖို့ မလွယ်ဘူး။
                  ကျေးဇူးတင်ပါတယ် အဖေ…

***   ***   ***

               အဲဒီညက အိမ်ပြန်ရောက်တဲ့ထိ ကျွန်တော် အကြောက်မပြေဘူး။ ဇာတ်ခုံပေါ်ကနေ ဆူညံအော်ဟစ်ပြီး သွားအဖြီးသားနဲ့ ပြေးဆင်းလာတဲ့ မျောက်ဝန်ကြီးတွေ၊ မျောက်ရဲမက်တွေ။ ရှင်ဘုရင် ဝတ်စုံကြီးနဲ့ တွေ့သမျှ လူရော မျောက်ရောကို အကုန် မာန်ဖီပြီး လုက်ကိုက်နေတဲ့ မျောက်မင်းသားဖိုးစိန်ရဲ့ ကြောက်စရာ မျက်နှာ။ အလန့်တကြား ဖရိုဖရဲ ပြေးလွှားနေတဲ့ ကလေး၊ လူကြီး ပရိတ်သတ်တွေ။ အားလုံး… အားလုံးကို ပြန်မြင်ပြီး အိပ်လို့ကို မပျော်တော့ဘူး။
               အမေက ကျွန်တော့်ခေါင်းလေးကို တယုတယ ပွတ်ပြီး ချော့သိပ်မှပဲ၊ ကျွန်တော် အိပ်ပျော်တော့ တယ်။ ဒါတောင် အိမ်မက်ထဲမှာ ဖိုးစိန်ကြီးက ချိတ်ပုဆိုးကြီး ခါးတောင်း မြောက်အောင်ကြိုက်၊ သန်လျှက်ကြီးဆွဲပြီး နောက်က လိုက်ခုတ်လို့ ပြေးလိုက်ရတာဗျာ…။ ဖတ်ဖတ်ကို မောရော…။
               အဲဒီအချိန်က စလို့ မန်းကီးရှိုးလို့ ခေါ်တဲ့ မျောက်ပွဲဆို ကျွန်တော် မကြည့်ရဲတော့ဘူးဗျာ…။

***    ***    ***

           ဒါပေမယ့် အခု အသက်လေးဆယ် ရောက်တဲ့ထိ မန်းကီးရှိုးတွေကို ကျွန်တော့်စိတ်အစဉ်မှာ အရိပ်အသွင် မြင်နေဆဲပါပဲ။
          နောက်တော့ မျောက်မင်းသား ဖိုးစိန်ကြီးလည်း အရွယ်ဟိုင်းပြီး သေသွားတယ်ကြားတယ်။ ဖိုးစိန်ကြီး မရှိတော့ ဖိုးစိန်ကြီးလောက် ပရိတ်သတ် လက်ခံတဲ့ မျောက်မင်းသား မပေါ်တော့ဘူး။ မျောက်ပွဲခေါ် မန်းကီးရှိုးတွေလည်း တဖြေးဖြေး တိမ်ကောသွားတယ်။ ဖိုးစိန်ကြီးအဖွဲ့ရဲ့ ဇာတ်ဆရာ မျောက်ထိမ်းကတော့ တစ်စတစ်စ စီးပွားပျက်လာပြီး သူ့မျောက်တွေကို တရုတ်ပြည်ဘက် သွားရောင်း လိုက်တယ်ဆိုလား။
           ကျွန်တော့် ရင်ထဲမတော့ “မျောက်ဘုရင်တွေ၊ မျောက်မိဘုရားတွေ၊ မျောက်ဝန်ကြီးတွေ အကုန်လုံး အစားအသောက် သောင်းကျန်းလို့ ပြည်ပျက်သွားရတဲ့ နောက်ပိုင်းဇာတ်ထုပ်”ကို ဘယ်တော့မှ မမေ့တော့ပါဘူးဗျာ။
              
                                                                                                                    



                                                                                                         ဇော်သစ်
                                                                                                      (၂၁.၁.၂၀၁၄)
                                                                                 မန္တလေးချစ်စိတ် မန္တလေးပုံရိပ် မဂ္ဂဇင်း
                                                                                     အမှတ်(၁)၊အောက်တိုဘာ၊၂၀၁၄

No comments:

Post a Comment