အမည်မဖေါ်လိုသူ မျှော်လင့်ခြင်းအဟောင်း
(၁)
မျှော်လင့်ခြင်းရယ်…
ဘယ်အပင်မှာ သီးနေလဲ
(ဒါမှမဟုတ်)
ဘယ်အကိုင်းမှာ နားနေလဲ
(ဒါမှမဟုတ်)
ဘယ်အရပ်မှာ သာနေလဲ
သင့်ပုံစံကရော…
ဘယ်လိုလဲ…
(၂)
မျှော်လင့်ခြင်းရယ်…
လယ်ကွင်းအလွတ်တွေကို စိတ်ကူးနဲ့
ထွန်ယက်ကြည့်တဲ့အခါ
သင်
ဖွံ့ဖြိုးကြီးထွား လာမလား
သင်
တိမ်လို၊ မိုးလို
စွေဖို့
ရွာဖို့
ငါ့ကောင်းမှုတွေ အငွေ့ပျံနေခြင်းပ…
(၃)
မျှော်လင့်ခြင်းရယ်…
ပန်းကို အကြိမ်ကြိမ် ထိတွေ့ခဲ့ဘူးတဲ့
အနမ်းတို့ နွမ်းဖတ်ညှိုးရော်
အမေ့မျက်နှာပေါ်က
ထပ်မံတူးဖေါ်ထားတဲ့ ဆည်မြောင်းအသစ်တွေ
သင့်မီးတောက်ကို
မျက်ရည်နဲ့ ငြှိမ်းဖို့ပေါ့…
(၄)
မျှော်လင့်ခြင်းရယ်…
ငါ့အိမ်
ငါ့မြေ
ငါ့ယာ
ငါ့အသိုက်အမြုံလေး
(ဖတ်ချင်လျှက်နဲ့၊ ဖတ်မရတဲ့
ကဗျာတစ်ပုဒ်)
သင့်အတွက်
လှဲကျင်း ပြင်ဆင်ထားလိုက်ပြီ…
(၅)
မျှော်လင့်ခြင်းရယ်…
ငါ့စကားလုံးတွေနဲ့ ပါတ်လို့
မနိုင်အောင်
သင်ဟာ
တဖြည်းဖြည်း ကြီးထွားလာ
အပျိုဖြန်းလေးတွေ တယုတယ ဖုံးကွယ်ထားတဲ့
သစ်ချိုသီးတစ်ချို့လို
ငါ့တောင့်တမှုတွေ ဆန့်ထွက်ရှည်လျှားလာ
အဘယ်မသိစိတ်ရဲ့ ဧည့်ခန်းဆောင်မှာမှ
သင်နဲ့ ဆက်သွယ်စရာ…
နံပါတ် မရှိဘူး…
(၆)
မျှော်လင့်ခြင်းရယ်…
မောသူတွေ မောကုန်ပြီ
မျက်နှာ မများတတ်သူ တစ်ချို့
သင့်အရင် ရောက်လာတဲ့ သေခြင်းတရားနောက်
ပါသွားကြ
သင်ဟာ
တဖြည်းဖြည်း ကြီးထွားလာ
ပြီး
တဖြည်းဖြည်း ဆိတ်ငြိမ်လာ
တဖြည်းဖြည်းပြီး တဖြည်းဖြည်း၊
နူးညံ့ညှင်သာလာ
ငါ့ရဲ့
ဒုတိယမြောက် ကိုးကွယ်ရာ… သင်
အမှောင်က ဖြန့်ခင်းထားတဲ့
အိပ်ယာထက်မှာ
သင်ဟာ
အဘယ်သူနဲ့ ပွတ်တိုက်နေပါ့…
(၇)
အလေးချိန် သိပ်မစီးတဲ့ အခွင့်အရေးသစ်တွေကို
စုပြုံ တန်းစီတိုးမှ ရတဲ့…
ငါတို့ ဟင်းလင်းပြင်
အနာဂါတ်ကို ဆူးနဲ့ ပျိုးခဲ့ကြတယ်
တကယ်တော့ သင်… သိပါစ
သင်ဟာ
နှလုံးသားတိုင်းရဲ့ ဆာလောင်မှုအဟောင်းပါ…
ပန်းဥယျာဉ်တိုင်းရဲ့ လေပြေညှင်းအဟောင်းပါ…
နံနက်ခင်းတိုင်းရဲ့ လတ်ဆတ်မှုအဟောင်းပါ…
စကြ်ာဝဋ္ဌာတိုင်းရဲ့ ပြည့်ဝမှုအဟောင်း…
သင်
သင့်ကို…
သုခတရားလို့
အမည်မဖေါ်လိုပါဘူး…
(၈)
ငါ့မျက်လုံးတွေ
သားဦး ဖွားပြီးစ မိခင်ရဲ့ရင်သားလို
မေတ္တာဓါတ်နဲ့ ပြည့်တင်းနေစဉ်
မြန်မြန်လာခဲ့ပါ…
ငါ
ခေါင်းပါးငတ်မွတ်ခြင်းနဲ့
ဖြန့်ခင်းထားတဲ့ လက်နှစ်ဖက်ကို
ဆုံးရှုံးခြင်းပိုးတို့ မကိုက်ဖေါက်နိုင်ခင်
မြန်မြန်လာခဲ့ပါ…
(၉)
အိမ်မက်တစ်ချို့ ဖိတ်စင်ခဲ့ဖူးတဲ့
လေဟာနယ်ထဲမှာ
လမင်းအူသံကိုတောင် ကြားနေရပြီ…
(မြန်နိုင်သမျှ မြန်မြန်)
အရှင်လတ်လတ် ညတွေရဲ့ နုတ်ခမ်းသားပေါ်
ထိုင်ပြီး
ငါတို့
သင့်နှလုံးသားကို
မျှားပါတယ်…
ပရဆီရောက်ဖို့ အတ္တကို မြန်နှုံးမြှင့်ထားတဲ့
အသင် မျှော်လင့်ခြင်းရယ်…
နောက်ဆုံးသီးတဲ့ နှလုံးသားရဲ့
အသံရှိရာကို
လာခဲ့ပါတော့…
မီးတစ်လှည့်၊ ရေတစ်လှည့်
ရိုက်နှက်ခံခဲ့ရတဲ့
စိတ်ရဲ့ အိုးတွေအားလုံးဟာ
သင်မှ
မဖြည့်ရင်
ဘယ်…
ပြည့်ပါ့မလဲ မျှော်လင့်ခြင်းရယ်… … …။ ။
ဇော်သစ်
If you want to read print book or e-book in English language, follow this link
http://www.amazon.com/s/ref=nb_sb_noss_1?url=search-alias%3Daps&field-keywords=anonymous%20Old%20Expectation
No comments:
Post a Comment