Friday, October 17, 2014

Poem










မြို့သာ

လျှပ်စစ်မီး မရသေးတော့
ညဆို…
သဘာဝတရားကို အတိုင်းသား
မြင်ရတုန်း

နှလုံးသားချင်း အချိတ်အဆက်မိနေသမျှ
ဖုန်းပြောစရာ မလိုဘူးဆိုပြီး
ခေတ်ပေါ် ဆက်သွယ်ရေးနည်းပညာကို
ဥပေက္ခာပြုထားတဲ့ မြို့

လမ်းပေါက်ပေမယ့် အသွားအလာနဲတော့
သူ့ခမျာ…
မျှော်လင့်ခြင်းတွေ လိုရာမရောက်နိုင်ဘူး

ဆယ့်နှစ်ရာသီ
အစိမ်းအတိုင်း နေလှန်းခံ
လယ်ကွင်းများ…
ခပ်ညံ့ညံ့ ရွာတွေ ဝန်းရံထားပြီး
မြို့တန်းစေ့ မနေရပေမယ့်
သူ
ဘဝကို ရောင့်ရဲနေသလို


ထားရေ…
တို့နှလုံးသားကို အိုးလေးလို
ဒီမြို့ရဲ့ အတိတ်မှာ ထားဖူးတယ်

စင်အောက်က
မင့်မျက်ဝန်း နှင်းဆီဖူးတွေကို
ငါ…
သီချင်းဆိုရင်း ခူးဖူးတယ်

ကမ်းလင့်တဲ့ အချိုရည်တစ်ဗူးနဲ့
ဒီမြို့မှာ၊ တို့ဘဝတွေ…
အလဲအထပ် လုပ်ဖူးတယ်

သူ့မှာ
ကိုယ်ပိုင် ကစားကွင်းမရှိပေမယ့်
သမီးလေးကို ပြောပြဖို့
ငါတို့ နှစ်ယောက်အကြောင်း
အိပ်ရာဝင် ပုံပြင်တစ်ပုဒ် ရှိတယ်

သူက
ဟိတ်ဟန် မထုတ်တတ်ဘူး
သူက
စယ်လစ်ဘရစ်တီလည်း မဟုတ်ဘူး
သူက
နေနိုင် စားနိုင်ရုံ
မကြွယ်ဝတဲ့ မြို့ကလေး တစ်မြို့
ဒါပေမယ့်…
နှစ်ခြမ်းကွဲနေတဲ့ တို့ဘဝကို
တစ်သားတည်းဖြစ်အောင်
အလှူ ရေစက်နဲ့
သပ်သပ်ရပ်ရပ် ဆက်ပေးတယ်

ထားရေ…
သံသရာဆိုတာ မသေချာလေတော့
ကိုယ့်မျက်စေ့ရှေ့မှာ တင်ထားတဲ့
မြို့ကလေးပေါ်က မေတ္တာတရားကို
လက်မလွတ်စေနဲ့…


                                                                           ဇော်သစ်
                                                                        (၂၀.၈.၂၀၁၃၊ မန္တလေး)

1 comment:

  1. ခပ်ညံ့ညံ့ရွာတွေဝန်ရံထားတယ်ဆိုတဲ့စားသေးလေးကလွဲရင် ကဗျာလေးအတွက် ကျေးဇူးပါ

    ReplyDelete