အခန်းအောင်းသစ်ပင်
အချစ်ဆိုတာ…
တစ်ချို့မှာ… ရုပ်အလှကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့အရာ…
တစ်ချို့မှာ… စိတ်အလှကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့အရာ…
တစ်ချို့မှာ… သုတိသာယာ၊ ချစ်စဖွယ်စကားကိုကြားပြီး
ဖြစ်ပေါ်တတ်သတဲ့…။
ကျွန်တော်နဲ့ ရှင်းဟာ ရုပ်ကိုလည်း မမြင်ရ။
အသံကိုလည်း မကြားရ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထား ဘယ်လို ရှိမယ်ဆိုတာတောင် မသိရပဲ၊
ကွန်ပျူတာ မော်နီတာက တစ်ဆင့် ဒါမှမဟုတ် အန်းဒရိုက်ဖုန်းရဲ့ မျက်နှာပြင်ကတစ်ဆင့် စာလုံးလေးတွေ
ရိုက်ပြီး၊ သူမကို…
ကျွန်တော် အရူးအမူး ချစ်ခဲ့ဖူးတယ် ဆိုရင်
ခင်ဗျား ယုံမလား…။ ကျွန်တော့်ရဲ့ အချစ်ကိုလည်း အချစ်စစ် မဟုတ်ပါဘူးလို့ ခင်ဗျား ငြင်းမလား…။
ဆန္ဒမစောပါနဲ့ မိတ်ဆွေ…
ဒီဇာတ်လမ်းကို အရင် ဖတ်ပါ့ဦး…
*** ***
***
ဘဝဟာ ပန်းကလေးတစ်ပွင့်ဆို အချစ်ကို နေရောင်နဲ့ တင်စားရမလား
ရှင်းရေ…။ ပန်းကလေးဟာ နေပြင်းလွန်းရင် အလှပျက် ညှိုးနွမ်းတတ်သလို၊ ဘဝဟာ အချစ်လွန်ကဲရင်
ပျက်ဆီးသေဆုံးတတ်ပါတယ်။ ဝဋ်ကြွေးနဲ့ ဆွဲဆန့်ခံရလို့ အသက်မသေရင်တောင် ဘဝမှာ ပုံမှန်ရှင်သန်
ရပ်တည်ခွင့်တော့ ပျောက်ဆုံးသွားရ စမြဲပါ။ ဒါပေမယ့်… ရှင်းရေ…
ပန်းကလေးတွေဟာ လောကကြီး မွှေးအောင်လှအောင်
ပွင့်နိုင်ဖို့အတွက် နေရောင် မရှိလို့လည်း မဖြစ်ဘူးကွဲ့။ နေရောင်နဲ့ အစာချက်ရတဲ့ စိမ်းရွက်တို့ရဲ့
ပဋိဇီဝသဘောကို ဘယ်လို လွန်ဆန်နိုင်မလဲကွယ်…။ ဘဝမှာ အချစ်ကို မလိုအပ်တော့ဘူးဆိုတဲ့ အချိန်
ရှိမတဲ့လား…။ သူ့အတိုင်းအတာနဲ့သူ နေရောင်ကို လိုသလောက်ကလေး စုပ်ယူတတ်တဲ့ ပွင့်လွှာလို…၊
ဘဝကို တို့တွေ ထိမ်းညှိကြရတာပဲ မဟုတ်လား…။
နေထိမခံတဲ့ အိမ်တွင်းအလှစိုက် ပန်းပင်လေးတွေတောင်
ဖျော့တော့တော့ အလင်းကိုတော့ ဆာ လောင်တတ်သေးရင်…
ကိုယ်လို အခန်းအောင်း သစ်ပင်တစ်ပင်က အချစ်ကို
မလိုတော့ဘူးလို့ ဘယ်ငြင်းရက်ပါ့မလဲကွယ်…
*** ***
***
ဒီအကြောင်းကို ပြောရင်…
ကျွန်တော့် ဘဝတစ်ခုလုံး ပြာနှမ်းရူးသွပ်မတတ်
ချစ်ခဲ့၊ တန်ဖိုးထားခဲ့ရတဲ့ ချစ်ဇနီး ‘မိုးစန္ဒီ’ နဲ့ သမီးလေး ‘ရတီခ’တို့ရဲ့ အဖြစ်ဆိုးကို
ဖြတ်ညှပ် ကျော်လွှားပြောလို့ ဘယ်လိုမှ မရဘူး။ တကယ်တော့ ဒီအဖြစ်ဆိုးဟာ ကျွန်တော် ပြန်မစဉ်းစားချင်ဆုံး
အမှတ်တရ ဒဏ်ရာတစ်ခုပါ…။ ကျွန်တော့် တစ်ဘဝလုံး နှလုံးသားနဲ့ ရင်းပြီး နာကျင်အောင် ဖျောက်ဖျက်မရတဲ့
အိမ်မက်ဆိုးတစ်ခုဆိုလည်း မမှားဘူးပေါ့။
ညရောက်လို့ အိပ်တာနဲ့ တစ်ပြိုင်တည်း တကယ့်
အဖြစ်အပျက်ကို အိမ်မက်အဖြစ် တိတိကျကျကြီး ပြန်မြင်နေတတ်တယ်။ ကျွန်တော်ရယ်၊ မိုးရယ်၊
သမီးလေးရယ် ပျော်စရာ ဘုရားဖူး ခရီးစဉ်လေး…။ လှည့်စား လိုက်ပုံများ…။ ဇာတ်သိမ်းမကောင်းတဲ့
အိမ်မက်မှန်သမျှ ဒီလို အပျာ်လေးနဲ့ စတင်တတ်သလား။ ကျွန်တော် မသိဘူး။ ကျွန်တော် အဲဒီအိမ်မက်ကို
မက်တဲ့အခါတိုင်း ပျော်စရာ မိသားစု ဘုရားဖူး ခရီးစဉ်လေးနဲ့ပဲ စတတ်တယ်။ ပြီးရင်…
ပြင်းထန်လွန်းတဲ့ ယဉ်မတော်တဆမှု တစ်ခုဖြစ်။
မိုးကိုရော၊ သမီးလေး ရတီခကိုပါ အိမ်မက်က ရက်ရက်စက်စက် သတ်ပြစ်ပြီး၊ ကျွန်တော့်ကို ဇောချွေးအပြိုင်းပြိုင်းနဲ့
အိပ်ရာက ငေါက်ခနဲ ထထိုင်အောင် လှုပ်နှိုးလိုက်ပြန်ရော…။ အမှောင်မကုန်မချင်း ကျွန်တော်
ငိုပေတော့ပဲ။ အဲဒါ… ညတိုင်း…
ပြီးတော့ အိမ်မက်က ထပ်ကာထပ်ကာ ကျွန်တော့်ကို
နှိပ်စက်တဲ့ ကျွန်တော့် ဘဝရဲ့ တကယ့်အဖြစ်အပျက်။ ကြာတော့ ညရောက်ရင် ကျွန်တော် မအိပ်ရဲတော့ဘူး…။
အိပ်ရမှာ ကြောက်တဲ့ ကျွန်တော်ဟာ အိပ်မပျော် အောင် လုပ်လို့ရမယ့် ထွက်ပေါက်ကို ရှာဖွေလာတယ်။
အဲဒီမှာ…
ကျွန်တော် ရှင်းနဲ့ စတွေ့တာပဲ…
*** ***
***
သူမနာမည် ရှင်းသန့်ကြယ်…။
နာမည်အရင်းလား။ facebookသုံးတဲ့သူတွေ ပေးလေ့ပေးထရှိတဲ့
usernameလား။ ကျွန်တော် မသိဘူး။ ကျွန်တော်သိတာ သူ့ကို ကျွန်တော် ရှင်းလို့ အမြတ်တနိုးခေါ်တယ်။
ခေါ်တယ်လို့သာ ပြောရတယ်။ တကယ်တော့ ကျွန်တော့်ခေါ်သံက အသံမဟုတ်တော့ သူမကြားမှာ မဟုတ်ဘူး။
facebookရဲ့ massageboxကနေ စကားလုံးတွေ အဖြစ်ပဲ သူမ မြင်ရမယ်။
အခုတလော facebookက တစ်ယောက်နဲ့တစ်ယောက်
အသံနဲ့ ဆက်သွယ်လို့ ရအောင် ဖန်တီးပေးထားပေမယ့် ရှင်းကတော့ အဲဒီအခွင့်အရေးကို လုံးဝ
အသုံးမချဘူး။ ကျွန်တော်က သူ့အသံလေး ကြားချင်လို့ အသံနဲ့ ဆက်သွယ်ရင်တောင် သူက ပြန်ပြီး
မတုန့်ပြန်ဘူး။ စာနဲ့ပဲ ပြောပါတဲ့…။
တစ်ခါတစ်ခါကြတော့လည်း ရှင်းဟာ မိန်းကလေးအစစ်မှ
ဟုတ်ရဲ့လားလို့ ကျွန်တော် သံသယ ဖြစ်မိတယ်။ facebookဆိုတာကလည်း ခက်သားလား။ တစ်ယောက်နဲ့တစ်ယောက်
အပြင်မှာ လူချင်းတွေ့ ရတာ မဟုတ်တော့ ဘာမှ အတတ်ပြောလို့ မရဘူး။ ပရိုဖိုင်အတုတွေနဲ့
fakeaccountတွေက အများကြီး။
ကျွန်တော့်မိသားစုရဲ့ အဖြစ်ဆိုး မဖြစ်ခင်ကဆို
ကျွန်တော် facebookကို သိပ်မသုံးဖြစ်ဘူး။ အလုပ်များလို့ အချိန်မပေးနိုင်တာက တစ်ကြောင်း။
ဆိုရှယ်ဝက်ဆိုဒ်တွေကို စိတ်မဝင်စားတာက တစ်ကြောင်းပေါ့။
ဆိုရှယ်ဝက်ဆိုဒ်ဆိုတာ မသုံးတတ်ရင် အန္တရာယ်ပဲ။
ကိုယ့်အတွင်းရေး၊ ကိုယ့်စာရိတ္တ၊ ကိုယ့်အား နည်းချက်ကို ဟင်းလင်းဖွင့်ပြတဲ့အရာလို့ပဲ
ကျွန်တော်မြင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ ပက်ပင်းတွေ့ပြီး စကားပြောရတာ မဟုတ်တော့
ကိုယ့်စိတ်ကိုယ် မထိမ်းချုပ်နိုင်ရင် တစ်ဖက်လူဟာ ကိုယ့်အတွင်း အဇ္ဈတ္တကို တိုးယိုပေါက်
မြင်သွားနိုင်တယ်။ များသောအားဖြင့် လူတွေဟာ facebookပေါ်မှာ ကိုယ့်စိတ်ကိုယ် မထိမ်းချုပ်နိုင်ကြဘူး။
အပြင်မှာ အနေအေးသူတွေတောင် facebookပေါ် ရောက်ရင် ရန်စူးနဲ့ ညှောင့်ညှောင့်ဆိုတဲ့ အရေးအသားမျိုးတွေ
တင်တတ်ကြသေးတယ်။
ဒါက ဆိုရှယ်ဝက်ဆိုဒ်နဲ့ ပါတ်သက်တဲ့ ကျွန်တော့်အမြင်ပါ။
လူတိုင်းလို့တော့ မဆိုလိုပါဘူး။
*** ***
***
မိုးနဲ့ သမီးလေး ရတီ မရှိတော့တဲ့နောက် ကျွန်တော့်ဘဝရဲ့
အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖြတ်တောက်ထုတ်ယူ ခံလိုက်ရသလိုပါပဲ။ ညဆို ကျွန်တော် သူတို့နဲ့အတူ
သွားခဲ့ဖူးတဲ့ ပျော်ရွှင်ရင်နာဖွယ် ခရီးစဉ်အကြောင်းကို ညတိုင်း အိမ်မက်မက်တယ်။ ညတိုင်း
ထိတ်လန့်တုန်လှုပ်စွာ လန့်နိုးတယ်။ ညတိုင်း ပြန်မရနိုင်တော့တဲ့ ဘဝရဲ့ အကြီးစားဆုံးရှုံးမှုကို
အသစ်အတိုင်း ပြန်မြင်ရတယ်။ ညတိုင်း တွန့်ခေါက်ကျိုး ကြေနေတဲ့ ဝမ်းနည်းယူကြုံးမရစိတ်နဲ့
ကျွန်တော် အိပ်ရေးပျက်ရတယ်။
ဒီတော့ ကျွန်တော် ညရောက်ရင် အိပ်စရာမလိုတဲ့
စိတ်ထွက်ပေါက် တစ်ခုကို အမိအရရှာပြီး၊ မအိပ်ဖြစ်အောင် ကြိုးစားတယ်။ အဲဒီ့အတွက် ကျွန်တော်စိတ်ကြိုက်
ရွေးချယ်မိတာကတော့ facebook ဆိုတဲ့ ဆိုရှယ်ဝက်ဆိုဒ်ပါပဲ။
အပြင်လောကမှာ သေဆုံးသွားကြပြီဖြစ်တဲ့ မိုးနဲ့သမီးလေးကို
Facebookမှာ ကျွန်တော် အသက်ရှင်ခွင့် ပေးထားတယ်။ မိုးနဲ့ကျွန်တော့်ရဲ့ မင်္ဂလာဆောင်တုန်းက
ပုံတွေ၊ သမီးလေးမွေးတုန်းက ကျွန်တော် အမှတ်တရ ရိုက်ထားတဲ့ပုံတွေ၊ ကျွန်တော်တို့ မိသားစုလေးရဲ့
အမှတ်တရ ဗွီဒီယိုဖိုင်တွေ အားလုံးတင်ထားတယ်။ Profileနဲ့ Coverphotoကိုတော့ ချွင်းချက်အနေနဲ့
ပန်းချီကားလှလှလေးတွေ တင်တယ်။ ဒါမှလည်း ရင်းနှီးတဲ့ မိတ်ရင်း၊ ဆွေရင်းတွေ facebookမှာ ကျွန်တော့်ကို အလွယ်တကူ
ရှာမတွေ့နိုင်မှာလေ။
ကျွန်တော် ပါတ်ဝန်းကျင်ဟောင်းမှာ အသက်မရှင်ချင်တော့ဘူးဗျာ။
ပါတ်ဝန်းကျင်ဟောင်းက မိတ်ဟောင်း၊ ဆွေဟောင်းတွေရဲ့ ကျွန်တော့်အပေါ်ထားတဲ့ ဂရုဏာတရားဟာ
နှလုံးသားကို အက်ဆစ်နဲ့ စားသလို နာကျင်ရပါတယ်။ မိုးနဲ့သမီးလေးရဲ့ အဖြစ်ဆိုးကို သတင်းမေးကြတာတွေ၊
သနားဂရုဏာစိတ်နဲ့ ကျွန်တော့်ကို အားပေးစကား ပြောကြတာတွေဟာ ကျွန်တော့်ရင်ကို အသံဓါးထက်ထက်နဲ့
မွန်းပြီး၊ စကားလုံးဆားတွေ ဆုပ်ဆုပ်ပက်နေသလို ဖြစ်စေတယ်ဆိုတာ သူတို့ ဘယ်လို သိနိုင်မလဲ။
သူတို့ ဒါမှမဟုတ် ခင်ဗျား ကျွန်တော့်ကို
ဂရုဏာထားပြီး သနားတယ်ဆိုရင်တောင် ကိုယ်တိုင်ကြုံရ တဲ့ အဖြစ်မှ မဟုတ်ပဲ။ ခင်ဗျားရဲ့
ကိုယ်ချင်းစာနာ သနားစိတ်ဟာ ကျွန်တော့်ရဲ့ အမှန်တကယ် လွန့်လူး ကြေကွဲမှုနဲ့ ဘယ်… ထပ်တူကျနိုင်မလဲလေ…။
ဒီတော့ ကျွန်တော် ဘယ်သူ သနားတာမှ မခံချင်သလို၊
ဘယ်သူ့ ဂရုဏာတရားကိုမှ မလိုချင်တော့ ဘူး။ မေတ္တာတရားကို စော်ကားတာတော့ မဟုတ်ပါဘူးဗျာ။
ချစ်စရာ၊ ပျော်စရာကောင်းပြီး ပြည့်စုံလှပတဲ့ မိသားစုဘဝလေးကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့
လူတစ်ယောက်အဖို့ မိတ်ဆွေတွေ ပေးတဲ့ဆေးတွေဟာ နှလုံးသားမှာ ပိုလေးလံလွန်းလို့ပါ…။
ဒီတော့ ကျွန်တော် လူဟောင်းတွေနဲ့ ပါတ်ဝန်းကျင်ဟောင်းတွေကို
ကျွန်တော် ရှောင်တယ်။ တစ်ကောင်တည်း ဂျောင်ပိတ်အရိုက်ခံရတဲ့ ခွေးလို၊ ကျွန်တော့်ကိုယ်ပိုင်
ကြေကွဲယူကျုံးမရစိတ်နဲ့ ကျွန်တော် နေတယ်။ ဒါပေမယ့် ဆရာစိုင်းခမ်းလိပ်ရဲ့ သီချင်းတစ်ပုဒ်ထဲက
စာသားကို ငှားပြောရရင် “လူဆိုတာ တစ်ယောက်ဆီ မနေနိုင်တဲ့ သတ္တဝါတွေပဲ”။ ပါတ်ဝန်းကျင်ဆိုတာနဲ့
အကြာကြီး ကင်းကွာနေလို့လည်း မဖြစ်နိုင်ဘူးလေ။ ကျွန်တော့်လို နာကျင်ကြေကွဲမှုတွေနဲ့ ဂျောင်ပိတ်အထီးကျန်နေတဲ့
လူတစ်ယောက်အဖို့ တစ်ယောက်တည်းနေတာ ကြာလာတော့ ကိုယ့်အသက်ကိုယ်တောင် ရန်ရှာမိမတတ် ဖြစ်ရတာက
အကြိမ်ကြိမ်။ နောက်ဆုံးတော့ ပါတ်ဝန်းကျင်ဟောင်းကို ဆက်ဆံရမှာ ဝန်လေးတဲ့ကျွန်တော်ဟာ
facebook ပေါ်မျာ ပါတ်ဝန်းကျင်အသစ်တစ်ခု ဖန်တီးလိုက်မိတယ်။
ဒါပေမယ့်…
ကျွန်တော် ဖန်တီးလိုက်တဲ့ ပါတ်ဝန်းကျင်၊
ကျွန်တော် တည်ဆောက်မိတဲ့ ကမ္ဘာက အတုဖြစ်နေတာ ကိုတော့ ကျွန်တော်ကိုယ်တိုင် မသိခဲ့ဘူးလေ…
… …
*** ***
***
Facebookသုံးတာ ကြာလာတော့ ကျွန်တော် ကဗျာရေးတတ်လာတယ်။
ကျွန်တော့်ရင်ထဲမှာ ပိတ်လှောင်ထားတဲ့ နာကျင်မှုတွေကို ဖွင့်ချနည်းတစ်မျိုးကို ရှာတွေ့ခဲ့တယ်ပဲ
ဆိုရမလား။ Facebookပေါ်မှာ ကျွန်တော် ပထမဆုံးရေးဖြစ်တဲ့ ကဗျာက…
“ပိတ်ထားတဲ့ ရာသီ
ကန်ရေဟာ
တိမ်တွေကို
သူ့ရင်ခွင်ထဲထည့်ပြီး
ခလောက်နေတယ်…
… …
လှပစွာ
အခက်ဖြာရုံနဲ့
ပွင့်စရာမလိုတဲ့
ရာသီဥတုမှာ…
(တစ်ချို့အပင်တွေ…)
အငုံစိတ်လေးနဲ့
သီးကြရ… … …
မိုးသံလေသံကြားရုံနဲ့
တကယ်မလောင်ရဲတဲ့
မီးတောက်လို
နွေဟာ…
အရှိန်…ရတစ်ချက်…မရတစ်ချက်…
တစ်ချို့…
အညွှန့်
တလူလူ နာကျင်မှုကို
တယုတယ
ပွတ်သပ်ရင်း
(နေထွက်က…နေဝင်…)
စိတ်ကူးယဉ်တစ်ခွင်လုံး
အုံ့ပျလို့… … …
အသိသက်သက်ထဲမှာပဲ
အပြန်အလှန်
လောင်ကျွမ်းနေတဲ့
အိမ်မက်များ…
… …
အတွေးတွေ
သိပ်လေးတယ်…
ကမ္ဘာလောကရဲ့မျက်နှာ
တစ်ရွာထင်ပြီး
ပွင့်ခဲ့တဲ့
ပန်းကလေးခမျာ…
အိမ်အပြင်…
မထွက်ရရှာဘူး… … …”
လူတွေကို သူလိုသလို လှုပ်ခါတတ်တဲ့ ကံတရားကို
အပြစ်တင်လိုတဲ့ သဘောနဲ့ ကျွန်တော့်ရဲ့ နာကျင်မွန်းကြပ် အထီးကျန်ခြင်းတွေကို ဒီကဗျာမှာ
အတိုင်းသားတွေ့ရမှာပါ။ Facebookပေါ်ကို ဒီကဗျာ တင်လိုက်တော့ ပထမဆုံး Likeလုပ်တာက ရှင်း…။
အရင်ဆုံး Commentပေးတာကလည်း ရှင်းပဲ…။
“အခန်းအောင်းသစ်ပင် တစ်ပင်အတွက်
အလှပဆုံး မီးကူးပေးတဲ့ ဒဏ်ရာဟာ လှလိုက်တာ ရှင်…”တဲ့။
ကဲ… ဘယ်လောက်များ ကဗျာဆန်လိုက်တဲ့ Commentလဲလို့။
နာမည်ကလည်း အဆန်း။ “ရှင်းသန့်ကြယ်”တဲ့။
လူမမြင်ရပဲ။ နာမည်ရယ်၊ မှတ်ချက်စကားရယ်နဲ့တင်
ကျွန်တော့်ရင် ဗြောင်းဆန်အောင် တုန်လှုပ်ခဲ့ရ ပါတယ်ဆိုရင်… ခင်ဗျား ယုံမလား…။
*** ***
***
တွေ့တွေ့ချင်း ကျွန်တော် သူ့ကို စအက်တယ်။
ပြီးတော့… massageboxကနေ နုတ်ဆက်တယ်။
“Hi”
“မင်္ဂလာပါ”တဲ့…။
ဟား…
ဟား… ဟား…။ ကျွန်တော် စိတ်ထဲက ကြိတ်ရယ်မိတယ်။ တွေ့တွေ့ချင်းဆောက်နဲ့ ထွင်းဆိုသလို ရှင်းက
ကျွန်တော့်ကို တစ်ကွက်ကျောသွားပြန်တယ်။ ကျွန်တော့်ရဲ့ ဘိုကြက်ချေးနုတ်ဆက်စကားကို ရှင်းက
ဗမာဆန်ဆန်လေး ပြန်ပြီး တုန့်ပြန်လိုက်တာလေ။ ကျွန်တော် ရယ်မိတာပေါ့။ ရှင်းနဲ့တွေ့မှ
ကျွန်တော့်မျက်နှာပေါ်မှာ အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့ အပြုံးဟာ ပြန်ရောက်လာတာ သတိထားမိလိုက်တယ်။
“အသက်ဘယ်လောက် ရှိပြီလဲ”
“အလိုတော်…”
“စစချင်း ချက်တဲ့စကားက အသက်ဘယ်လောက်
ရှိပြီလဲတဲ့လား”
ကျွန်တော် ဒုတိယအကြိမ် ပြုံးမိပြန်တယ်။ ကျွန်တော်ဟာ
Facebook သုံးတာသိပ်မကြာသေးတော့ ချက်မှုရေးရာ ချက်ကမ္ဘာကို သိပ်မကျွမ်းသေးဘူးလေ။
“အော်… ဒီလိုပါ”
“လူမမြင်ရတော့ ကိုယ့်ထက်
အသက်ကြီးနေရင် စကားအသုံးအနှုံးတွေ ရိုင်းသွားမှာ စိုးလို့ပါ”
“ခက်ပြီ…၊ ဒီက အသက်ပြောတော့ရော
အမှန်ပါလို့ ရှင်ဘယ်လို သိမလဲ”
“အယ်…”
ကျွန်တော် ခဏတော့ တွေဝေသွားတယ်။ ဘာပြန်ပြောရမှန်း
မသိဘူး။ အတော်လေး ကြာမှ...
“ရှင်းသန့်ကြယ်ကို ကျွန်တော်
ယုံပါတယ်”
“သိတာဖြင့် မကြာသေးဘူး။
ပြီးတော့ လူချင်းမြင်ရ၊ ရင်းနှီးရတာလည်း မဟုတ်ပဲနဲ့”
ခက်ပြီ…။ ရှင်းရဲ့ မေးခွန်းတွေက သပ်ရပ်တိကျလွန်းတော့
ကျွန်တော် ချက်ချင်းမဖြေနိုင်ဘူး။ ခဏနေမှ လုံလောက်တဲ့ အကြောင်းပြချက်တွေ စဉ်းစားမိပြီး
ရှင်းကို ပြန်ဖြေနိုင်တယ်။
“ဒီလို ရှိတယ်”
“ဟုတ်”
“ရှင်းသန့်ကြယ်ကို ကျွန်တော်
မြင်လည်း မမြင်ဖူးဘူး။ လူချင်းလည်း မရင်းနှီးဘူး။ ဒါပေမယ့်
ကျွန်တော် သိသလောက် ရှင်းသန့်ကြယ်ဟာ
ကဗျာအနုပညာကို ခံစားတတ်တယ်။ ရှင်းသန့်ကြယ်ပေးတဲ့ Commentကို ကြည့်ခြင်းအားဖြင့် ရှင်းကိုယ်တိုင်…
အော် Sorryနော်။ ရှင်းသန့်ကြယ်လို့ ရိုက်ရတာ စာလုံးက ရှည်နေလို့၊ ရှင်းလို့ ရိုက်လိုက်တာ”
“ရပါတယ်။ ရှင်းကိုယ်တိုင်လည်း
ရှင်းကို ရှင်းလို့ခေါ်တာကို ပိုသဘောကျပါတယ်။
အားလုံးရှင်းသွားတာပေါ့… ခစ်ခစ်ခစ်…”
“ok”
“Commentကို ကြည့်ခြင်းအားဖြင့်
ရှင်းကိုယ်တိုင်မှာလည်း ကဗျာဥာဏ် ရှိတယ်လို့ ကျွန်တော် သတ်မှတ်တယ်။ မဟုတ်မှလွဲရော့။
ကဗျာရေးတတ်လိမ့်မယ်လို့တောင် ကျွန်တော် ထင်မိတယ်”
“အင်း… မဆိုးပါဘူး။ အကဲဖြတ်
တော်သားပဲ”
“ရှင်းကိုယ်တိုင်လည်း ကဗျာရေးပါတယ်”
“မဂ္ဂဇင်းတွေမှာ ပါလား”
“ဟယ်… အဲလောက်ကြီး ဟုတ်ပါဘူး။
ဝါသနာရှင်အဆင့်ပါ… အဟီး”
“ကျွန်တော်လည်း အတူတူပါပဲ။
FBသုံးမှ ကဗျာစရေးတာ။ သုံးဖြစ်တာကလည်း လပိုင်းပဲ ရှိသေးတယ်”
“ထားပါတော့… ကဗျာနဲ့ ယုံကြည်မှုနဲ့
ဘယ်လို ပါတ်သက်လို့လဲ”
“ပါတ်သက်တာပေါ့။ ကဗျာဆိုတာ
လောကသစ္စာလို့ ကျွန်တော် ယုံကြည်တယ်။ ကဗျာဆရာဆို တာ လောကမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို
ပြောပြတဲ့သူ။ ရင်ထဲက သူသိတဲ့၊ သူယုံကြည်တဲ့ အမှန်တရားကို အရောင်ပြန်ပေးတဲ့သူ။ နောက်ဆုံး
ကဗျာဟာ တစ်လောကလုံးအတွက် မမှန်ဘူးဆိုရင် တောင်မှ ဖန်တီးသူကဗျာဆရာအတွက် တစ်ကိုယ်စာ အမှန်တရား
ဖြစ်နေမှာပဲ”
“အမယ်လေး… ပြောတတ်လိုက်တာ
ကဗျာဆရာရယ်…။ ကဗျာဆရာ ဖြစ်ရုံနဲ့ပဲ ရှင်းက ရှင့်ကို မလိမ်ရဘူးတဲ့လား။ ကဗျာကို အမှန်တရားလို
ဖေါ်ပြပေမယ့် လူတစ်ဦးတစ်ယောက်ကိုတော့ ကျွန်မက လိမ်ချင်လိမ်မှာပေါ့ရှင့်… ခစ်ခစ်ခစ်…”
“လိမ်တတ်ရင် ကဗျာရေးလို့
မရဘူး ရှင်းရဲ့။ ရေးရင်လည်း မကောင်းဘူး။ ကဗျာရေးလည်း ကောင်းတယ် လိမ်လည်းလိမ်တတ်တဲ့
ကဗျာဆရာတွေဟာ ညာတာလေးကတောင် လှပါတယ် ရှင်းရယ်…”
“အမယ်လေး… အရှုံးပေးပါတယ်ရှင်…။
ကဗျာဆရာကြီးကို ကျွန်မ ကဗျာဝါသနာရှင်မလေး ရှင်းသန့်ကြယ်က နိုင်အောင် မပြောနိုင်တော့ပါဘူးတဲ့…”
“ဟား… ဟား… ဟား…”
ဒီလိုနဲ့ ရှင်းနဲ့ကျွန်တော် အဲဒီညက လေပေးဖြောင့်သွားလိုက်တာ
မနက်လေးနာရီ ထိုးတဲ့ထိပဲ။ ညဟာ ကုန်လွန်သွားမှန်းကို မသိလိုက်ရဘူး။ အပြုံး၊ အရယ်နဲ့
ပျော်ရွှင်ကြည်နူးခြင်းတွေ ကျွန်တော့် ဘဝထဲကို တစ်ခါပြန် ရောက်ရှိလာပြီလေ။ လကွယ်ည၊ မှောင်မိုက်လွန်းတဲ့
အိမ်မက်အိုကြီးထဲက ကျွန်တော့်ကို ရှင်းသန့်ဖြူစင်တဲ့ ကြယ်ကလေး “ရှင်း”က အမြတ်တနိုး
လှန့်နိုးလိုက်တာပေါ့။ လေးနာရီထိုးတော့ ရှင်းက ကျွန်တော့်ကို နောက်ဆုံးအကြိမ် ဟက်ဟက်ပက်ပက်
ရယ်အောင် နုတ်ဆက်သွားသေးတယ်။
“ဒါနဲ့ တစ်ခုလောက် မေးချင်လို့”
“မေးလေ”
“စိတ်ဆိုးရဝူးနော်”
“အော်… မေးပါဆို”
“အကိုက လူတော့ ဟုတ်ပါတယ်နော်”
“အင်…”
“ဘာလို့ မေးတာလဲ”
“သိဘူးလေ…။ Profileက ဝက်ဝံပုံကြီးနဲ့
ဆိုတော့…”
ဟား… ဟား… ဟား….။ အတော်နောက်တဲ့ ကောင်မလေး။
လည်လည်း အတော်လည်တယ်။ ကျွန်တော် သူ့စကားကို ပြန်ချေပမလို့ လုပ်တော့…
“Out P… BYE”တဲ့…
အရမ်းကို ချစ်ဖို့ကောင်းတဲ့ ခလေးပါဗျာ…
*** ***
***
နောက်ရက်တွေမှာ ကျွန်တော်ရော၊ ရှင်းပါ လူစင်စစ်က
ဇီးကွက်ကလေးတွေ ဖြစ်သွားကြတယ်။ ညတိုင်း မအိပ်ပဲ Chatting ထိုင်ကြတယ်။ တစ်ခါတစ်လေ ကဗျာကြောင်း။
တစ်ခါတစ်လေနိုင်ငံရေး။ တစ်ခါတစ်လေ ကိုယ်ရေးကိုယ်တာ။ အသွေးအရောင်တူ၊ စိတ်ကူးတူ ကောင်လေးနဲ့
ကောင်မလေးအတွက် Chatစရာ အကြောင်းအရာဟာ မကုန်နိုင်ဘူးလေ…။
ရှင်းကတော့ မသိဘူး။ ကျွန်တော်တော့ ကိုယ့်ကိုယ်
သတိထားမိလာတယ်။ ညမှောင်စပျိုးတာနဲ့ Facebookကို ဖွင့်ပြီး ရှင်းတက်လာမယ့်အချိန်ကို
စောင့်တတ်၊ မျှော်တတ်လာတယ်။ တစ်ခါတစ်ရံ Facebookမှာ ရှင်းအရောက်နောက်ကျရင် ထိုင်စောင့်ရင်းနဲ့
တက်လာသမျှ Statusတွေကို လိုက်ဖတ်ရင်း အချိန်ဖြုန်းတတ်လာတယ်။ အခုမှ ကျွန်တော်ဟာ အထီးကျန်မှုဆိုတဲ့
လှောင်ခြိုင့်တွင်းက လွတ်လပ်စွာ ပျံသန်းခွင့်ရတဲ့ ငှက်တစ်ကောင်လိုပဲ။ အဲဒီ ငှက်ကလေးဟာ
“ရှင်း”ဆိုတဲ့ ကြယ်ကလေးဆီ ဦးတည်ပျံသန်း နေတာပေါ့။
အခုတော့ ကျွန်တော်ဟာ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ
မေ့နိုင်မှာ မဟုတ်ဘူးလို့ မှတ်ထင်ခဲ့ တဲ့ အဖြစ်ဆိုးကြီးကို အတော်အတန် မေ့နိုင်လာပြီ။
နေ့ဘက်ဆို စားချိန်သောက်ချိန်၊ ကျန်းမာရေးအတွက် က လွဲလို့ ကျွန်တော် မထတမ်း အိပ်တယ်။
ညဆို ရှင်းဆိုတဲ့ ကြယ်ကလေးက ရောက်လာပြီး သတိရ အောက်မေ့စိတ်တွေနဲ့ မှောင်စပျိုးတော့မယ့်
ကျွန်တော့် ဘဝကို လင်းချင်းစေတယ်။ အတိတ်ကို ကျွန်တော် ဘယ်လို သတိရနိုင် တော့မလဲလေ…။
ဒါပေမယ့် တစ်ခါတစ်လေတော့လည်း မိုးနဲ့ သမီးလေးရဲ့
ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေကို မြင်ယောင်ပြီး၊ အတိတ်ရဲ့ အရိပ်မည်းတွေက ခြောက်လှန့်တတ်ပြန်ပါသေးတယ်။
အရင်လောက် တုန်လှုပ် ခြောက်ခြား နာကျင်ကြေကွဲမှုမျိုးတော့ မဖြစ်တော့ပါဘူး။
အခုချိန် အဲဒီ အဖြစ်အပျက်ကို “ဘယ်လို ဖြစ်တာလဲ”လို့
တစ်ယောက်ယောက်က မေးလာခဲ့ရင် တောင် တည်တည်ငြိမ်ငြိမ် ခရေစေ့တွင်းကျ ပြန်ပြောပြနိုင်မယ်
ထင်ပါရဲ့…
*** ***
***
အဲဒီနေ့က…
ကျွန်တော်ရယ်၊ မိုးရယ်၊ သမီးလေးရယ်…။ မိသားစုသုံးယောက်
ကျောက်ဆည် ရွှေသိမ်တော်ဘုရား ကနေ ဘုရားဖူးပြီးအပြန်…။ မမျှော်လင့်တဲ့ ကြမ္မာဆိုးက ဟုန်ပန်းလမ်းပေါ်မှာ
အသင့်စောင့်နေလိမ့်မယ် ဆိုတာ ဘယ်သူမှမသိကြဘူး။
လေးနှစ်အရွယ်၊ စကားကြွယ်စ ကျွန်တော်တို့ရဲ့
သမီးလေးက လမ်းဘေးဝဲယာ ရှုခင်းတွေကို ငေးမောရင်း၊ သူ့ရဲ့ မူကြိုကျောင်းက သင်ပေးထားတဲ့
သီချင်းလေးတစ်ပုဒ်ကို တကြော်ကြော် အော်ဆိုလို့။ ကျွန်တော်နဲ့ မိုးက သူ့ကို ကြည့်ပြီး
ပီတိအပြုံးတွေ တဝေဝေနဲ့။ တစ်ချက်တစ်ချက် သမီးလေးက လမ်းဘေးလယ်ကွင်းပြင်တွေထဲက ငှက်ကလေးတွေ၊
တိရိစ္ဆာန်ကလေးတွေကို တွေ့ရင် သီချင်းဆိုတာ ရပ်ပြီး “ဖေဖေ… ၊ ဟိုဟာ ဘာငှက်လဲ။ ဟိုဟာ
ဘာကောင်လဲ”နဲ့ တတွတ်တွတ် မေးတတ်သေးတယ်။ သူ့အမေးကို ကျွန်တော်က ဖြေပြီးလို့ သူသိချင်တာ
သိသွားပြီဆိုရင်တော့ ဆိုလက်စ သီချင်းကို ဆက်ဆို နေပြန်ရော။
ကျွန်တော်တို့ရဲ့ ကားလေးဟာ ရန်ကုန်-မန္တလေး
လမ်းဟောင်းဖြစ်တဲ့ ဟုန်ပန်းလမ်းကြီးပေါ်မှာ လေးညှို့က လွှတ်တဲ့မျှားတစ်စင်းလို တရိပ်ရိပ်ပြေးနေတယ်။
သမီးလေးရဲ့ သာယာချိုကြည်လွန်းတဲ့ အသံဟာ ကျွန်တော်နဲ့ မိုးရဲ့ နှလုံးသားတွေကိုပါ သိမ်းကြုံးဆွဲငင်သွားတယ်
ထင်ပါရဲ့။ သမီးလေးနဲ့အတူ ကျွန်တော်တို့ လူကြီးနှစ်ယောက်ပါ သူ့ရဲ့ မူကြိုတေးကို အသံထွက်ပြီး
လိုက်ဆိုနေမိတယ်။
“တွင်ကယ်… တွင်ကယ်… လစ်တဲစတား…”
ကျွန်တော်တို့ရဲ့ လိုက်ဆိုနေတဲ့ အသံကိုလည်းကြားရော၊
သမီးလေးက သူ့ရဲ့အသံကို ကျွန်တော်တို့ အသံထက် လွှမ်းအောင် အကျယ်ကြီးအော်ဆိုလိုက်တယ်။
ကျွန်တော်က ကားမောင်းရင်း ကနေ သမီးလေးရဲ့ မျက်နှာလေးကို အမြတ်တနိုး လှမ်းကြည့်ပြီး…
“သမီးရယ်… အဲလောက်ကြီး မအော်ပါနဲ့။ အသံတွေနာကုန်ပါ့မယ်”လို့
ဂရုဏာအပြည့်နဲ့ လှမ်းပြောလိုက်မိတယ်။ တကယ်ဆို ဒါဟာ အခိုက်အတန့်လေးပါ။ တကယ့်ကို မကြာလှတဲ့
စက္ကန့်ပိုင်း အချိန်လေးပါ။ သမီးလေးရဲ့ မျက်နှာကို ကျွန်တော်လှမ်းကြည့်လိုက်မိတဲ့ အချိန်ဟာ
တိတိကျကျတိုင်းနိုင်တဲ့ စက်သာရှိရင် တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံထက် မပိုနိုင်ပါဘူး။
ဒါပေမယ့်…
ကျွန်တော်တို့ရဲ့ သာယာပျော်ရွှင် အောင်မြင်နေတဲ့
မိသားစုဘဝကို ဖျက်စီးချေမွပြစ်ဖို့ အကွက် ချောင်းနေတဲ့ ကံကြမ္မာအတွက်တော့ လုံလောက်တဲ့
အချိန်တစ်ခု ဖြစ်သွားပါတယ်။ နည်းပညာတက္ကသိုလ် ဘက်ကနေ ဟုန်ပန်းလမ်းပေါ်တက်လာတဲ့ ကျောင်းသူကျောင်းသား
စုံတွဲတစ်တွဲရဲ့ ရုပ်ဆိုးဆိုင်ကယ်လေး ဟာ အရုပ်ဆိုးအကျည်းတန်စွာပဲ ကျွန်တော့်ကားရှေ့မှာ
ကန့်လန့်ဖြတ်ပြီး ဘွားကနဲ ပေါ်လာပါတော့တယ်။ ထင်မှတ်မထားတဲ့ မြင်ကွင်းဖြစ်တာကြောင့် ဘရိတ်နင်းဖို့
အချိန်မရသလို၊ လီဗာကို လျှော့ချဖို့လည်း မတွေး လိုက်မိဘူး။ စီယာတိုင်ကို လမ်းရဲ့ ဘယ်ဘက်က
လမ်းလယ်သစ်ပင်တွေဆီ အလောတကြီး ဆွဲကွေ့ ချလိုက်တာတောင်မှ ကျွန်တော်တို့ရဲ့ ကားလေးဟာ
ရုပ်ဆိုးဆိုင်ကယ်လေးရဲ့ ရှေ့ဘီးလုံးကို အရှိန်ပြင်းပြင်း နဲ့ တိုက်မိလိုက်သေးတယ်။ ဒါဟာ
ကျွန်တော် သတိထားမိလိုက်တဲ့ နောက်ဆုံးအဖြစ်အပျက်ပါပဲ။
ကျွန်တော့်ကား ရှေ့ခန်းတစ်ခုလုံးဟာ ရစရာမရှိအောင်
ကြေမွလို့။ သစ်ပင်နဲ့ တိုက်မိထားတဲ့ ကားရှေ့ပိုင်း ဘယ်ဘက်ချမ်းကတော့ ဆိုဖွယ်ရာ မရှိပေါ့။
မိုးနဲ့ သမီးလေးက ကားရှေ့ခန်းရဲ့ ဘယ်ဘက် ချမ်းမှာ ထိုင်တာလေ။ သူတို့နှစ်ယောက်ရဲ့ အဖြစ်ကို
ခင်ဗျား စဉ်းစားသာ ကြည့်ပါတော့ဗျာ။
သစ်ပင်နဲ့လွတ်တဲ့ ညာဘက်ချမ်းက ကျွန်တော်တောင်
ခြေထောက်နှစ်ဖက်စလုံး သုံးမရတော့ အောင် ပျက်စီးသွားခဲ့သေးတာပဲ။ မိုးနဲ့သမီးလေးရဲ့ အနေအထားကို
ကျွန်တော်ဖြင့် စိတ်ကူးနဲ့တောင် မြင်မကြည့်ဝံ့ပါဘူးဗျာ…
*** ***
***
ဒီအကြောင်းတွေ ရှင်းကိုကျွန်တော် ပြောမပြမိဘူး။
ကျွန်တော့်မိသားစုအကြောင်းကို ရှင်းကတော့ မေးပါတယ်။ ဇနီးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေး
ရုတ်တရက် ဆုံးရှုံးသွားရတဲ့ သနားစရာ မုဆိုးဖိုတစ် ယောက်လို့ပဲ ကျွန်တော့်ကို ရှင်းက
သိထားတယ်။
အရင်ကဆို ကျွန်တော်လည်း ဒီအကြောင်းတွေကို
ခရေစေ့တွင်းကျ ဘယ်သူ့ကိုမှ ပြောမပြချင်ခဲ့ ဘူး။ အခုတော့ ရှင်းဆိုတဲ့ ကဗျာဆရာမလေးကြောင့်
ကာရံပြင်းလွန်းတဲ့ ကျွန်တော့်ကဗျာတွေ အတော်အ တန် သံစဉ်ချိုခဲ့ရပြီလေ။ အဖြစ်အပျက်တွေကိုလည်း
ကံစီမံရာပဲလို့ ဖြေတွေးနိုင်လာပြီ။
ရှင်းကိုလည်း ကျွန်တော် ချစ်နေပြီ။ ရူးရူးမက်မက်
တွယ်ငြိနေမိပြီ ဆိုပါတော့…။ ကျွန်တော်ရှင်းကို ဒီနေ့ ဖွင့်ပြောတော့မယ်လို့ စိတ်ကူးထားတယ်။
ကျွန်တော့်လို ခြေနှစ်ဖက်စလုံး ဖြတ်ထားရတဲ့ ဒုက္ခိတမုဆိုး ဖိုတစ်ယောက်ဟာ သူမလို မိန်းမပျိုလေးရဲ့
အချစ်နဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်ကလည်း သူမရဲ့ အချစ်ကို မလိုချင်ပါဘူး။
သူမကို ကျွန်တော် ချစ်နေမိတဲ့အကြောင်း ရင်ဖွင့်ချင်ရုံ သက်သက်ပါ။ အချစ်ဆိုတာ ကိုယ်နဲ့
မထိုက်တန်လို့ ပိုင်ဆိုင်ခွင့် မရှိဘူးဆိုရင်တောင်မှ ရင်ဖွင့်ပြောပြလို့ရတဲ့ အခွင့်အရေး
လေးတော့ ရှိသင့်တယ်မဟုတ်လား။
ရှင်းနဲ့ကျွန်တော် Facebookပေါ်မှာ ခင်မင်မှုသက်တမ်းကြာလာတော့
ကျွန်တော်က ရှင်းကို Massagebox ကနေ ဓါတ်ပုံလေးတွေ ပို့ပေးသလို၊ ရှင်းကလည်း ကျွန်တော့်ကို
သူမရဲ့ ဓါတ်ပုံလေးတွေ ပို့ပေးတယ်။ ရှင်းရဲ့ ဓါတ်ပုံထဲက မျက်နှာလေးဟာ ရှင်းသန့်ကြယ်ဆိုတဲ့အတိုင်း
ရှင်းသန့်ဖြူစင် ကြည်လင်နေတဲ့ ကြယ်လေးတစ်လုံးလိုပဲ။ အရမ်းချစ်ဖို့ ကောင်းတယ်။
“ရှင်းရယ်…၊ ရှင်းကိုလေ အကို အရမ်းချစ်တယ်ကွာ”
*** ***
***
Massageboxကနေ ကျွန်တော် ရိုက်ပို့လိုက်တဲ့
စာတန်းလေးက တစ်ဖက်က ရှင်းဆီကို ရောက်သွားပြီဆိုတဲ့ အရိပ်အယောင်ကိုတော့ မြင်နေရပြီ။
ဒါပေမယ့် ရှင်းဆီက ပြန်လည်တုန့်ပြန်တဲ့ စာသားကတော့ တော်တော်နဲ့ ရောက်မလာသေးဘူး။ ကျွန်တော်
ဖွင့်ပြောလိုက်လို့ ရှင်းတစ်ယောက် စိတ်များ ဆိုးသွားရော့လား။ ဒုက္ခပါပဲဗျာ။ ရှင်းကျွန်တော့်ကို
စိတ်ဆိုးရင်တော့ ခက်ပဲ ခက်ရချည့်။
ရှင်းက စိတ်ဆိုးပြီး ကျွန်တော့်ကို
Blockသွားရင်၊ ဒါမှမဟုတ် Unfriendလုပ်သွားရင် ကျွန်တော် ဘယ်လို လုပ်ရပါ့။ ကျွန်တော်ဟာ
Facebookပေါ်မှာ မိတ်ဆွေတွေ အများကြီးရှိပေမယ့် ဘယ်သူနဲ့မှ ရှင်းလောက် ရင်းရင်းနှီးနှီး
မChatခဲ့ဖူးဘူး။ ရှင်းတစ်ယောက်သာ ကျွန်တော်နဲ့ အရောင်တူ၊ အသွေးတူ၊ စိတ်တူ၊ ကိုယ်တူမို့
မိုးချုပ်ကနေ မိုးလင်း Chatရေး ဖြောင့်ခဲ့တာ။ အခုတော့ ရှင်း ကျွန်တော့်ကို စိတ်ဆိုးသွားပြီလားမသိ။
ရှင်းမရှိရင် ကျွန်တော့်ညတွေဟာ အရင်လို ကြေကွဲဝမ်းနည်း အထီးကျန်ခြင်းတွေနဲ့ ပြန်ပြီး
ပိန်းပိတ်အောင် မှောင်ရဦးတော့မှာပဲ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ရှင်းကို ကျွန်တော် ပြန်ပြီး
တောင်းပန်ရမယ်။ သူကြေနပ်တဲ့အထိ၊ သူခွင့်လွှတ်တဲ့အထိ ကျွန်တော် တောင်းပန်ရမယ်။
ကျွန်တော့်ဘဝရဲ့ ညတွေဟာ ရှင်းဆိုတဲ့ ကြယ်ကလေးမရှိလို့
လုံးဝ မဖြစ်ပါဘူးဗျာ…
*** ***
***
“ရှင်း”
“အကို့ကို စိတ်ဆိုးသွားလားဟင်”
“ရှင်း မကြိုက်ရင် အကိုတောင်းပန်ပါတယ်
ရှင်းရယ်”
“မဟုတ်ပါဘူး အကို”
“အကိုက ရှင်းအကြောင်းကို
ဘာမှ မသိသေးပဲနဲ့ ရှင်းကို ချစ်တယ်လို့ ပြောတော့၊ ရှင်းက ရှင်းအကြောင်းကို အကိုသိအောင်
ပြောသင့် မပြောသင့် စဉ်းစားနေလို့ပါ”
“အကိုက ရှင်းကို ချစ်တယ်လို့ပဲ
ပြောတာပါ။ ရှင်း အကို့ကို ပြန်ချစ်ပါလို့ မတောင်းဆိုဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့…၊
အကိုဘဝဟာ ရှင်းလို အပျိုစင်လေးတစ်ယောက်ရဲ့ အချစ်နဲ့ မထိုက်တန်လို့ပဲ”
“အချစ်ဆိုတာ နှလုံးသားရဲ့
ကိစ္စပါ။ ဘဝနဲ့ ဘာမှ မဆိုင်ပါဘူးအကို။ ချစ်တာက ချစ်လို့ရပါတယ်။ ဘဝချင်း မပေါင်းစပ်သမျှပေါ့။
ဘဝချင်း ပေါင်းစပ်မယ်ဆိုရင်တော့ တစ်ယောက်အကြောင်း တစ်ယောက် ပြည့်ပြည့်စုံစုံ သိထားသင့်တယ်။
ကဲပါ…။ ဘာပဲဖြစ်ဖြစ် ရှင်းနဲ့ အကိုက မောင်နှမတွေလို ဖြစ်နေပြီဆိုတော့ ရှင်းအကြောင်းကို
အကိုသိအောင် ပြောပြထားမယ်။ ရှင်း ပြောလို့ မပြီးမချင်း အကို့ဘက်က Massageမပို့နဲ့နော်။
ရှင်းအကြောင်းတွေ သိသွားပြီးမှ အကိုက ချစ်နေသေးတယ်ဆိုရင်တော့ လည်း အကို့သဘောပေါ့။”
ကျွန်တော်လည်း ရှင်းစကားကို နားထောင်တဲ့
အနေနဲ့ရော၊ သူမအကြောင်းတွေကို သိချင်တဲ့ စိတ်ကပါ ကြီးစိုးနေတော့ သူမပို့သမျှ
Massageတွေကိုပဲ ထိုင်ဖတ်နေလိုက်တယ်။
ဒါဟာ ကျွန်တော့်ဘဝရဲ့ ဒုတိယမြောက် ကောင်းကင်
ပြိုလဲခြင်းပါပဲ…
*** ***
***
“ညီမ တအုံကွန်ပြူတာ ကောလိပ်မှာ
တက်တုန်းက…၊ ညီမမှာ ချစ်သူတစ်ယောက်ရှိခဲ့ဖူး တယ်”
“တစ်နေ့မှာ…၊ ညီမတို့နှစ်ယောက်
အတန်းလစ်ပြီး မန္တလေးသွားလည်ဖို့ သူ့ရဲ့ ရုပ်ဆိုးဆိုင် ကယ်လေးနဲ့ ထွက်ခဲ့ကြတယ်။ ကံကဆိုးချင်တော့
ဟုန်းပန်းလမ်းပေါ်တက်ခါနီးမှာ အစအနောက်သန်တဲ့ ညီမက သူ့ခါးလေးကို တို့ပြီးစလိုက်မိတယ်။
သူကညီမကို မလုပ်ဖို့ နောက်လှည့် ပြောရင်း ဆိုင်ကယ်ကို လမ်းမပေါ်တက်လိုက်တယ်။ အဲဒီမှာ
ကျောက်ဆည်ဘက်က မောင်းလာတဲ့ အိမ်စီးကားတစ်စီးက ညီမတို့ရဲ့ ဆိုင်ကယ်ရှေ့ဘီးကို တိုက်မိပြီး၊
ဆိုင်ကယ်ရော ညီမတို့ နှစ်ယောက်စလုံးပါ ဝါးတစ်ပြန်လောက် တရွတ်တိုက် ပါသွားတယ်။ အဆိုးဆုံးက
သူပဲ။ သူက ဆိုင်ကယ် စီးရင် ဘယ်တော့မှ ဦးထုပ်မဆောင်းဘူး အကို။ လေတိုက်ရင် ဝဲနေတတ်တဲ့
သူ့ရဲ့ဆံနွယ်တွေ အလှပျက်မှာ စိုးသတဲ့လေ။ ညီမက ဦးထုပ်ပါတော့ အသက်အန္တရာယ် မဖြစ်ပေမယ့်၊
လမ်းဘေးသစ်ပင်နဲ့ ခါးကိုရိုက်မိပြီး အခုထိ စကားမပြောနိုင်တဲ့ အအမ လေး ဖြစ်ကျန်ခဲ့ရတယ်။
သူကတော့ လမ်းနဲ့ခေါင်း စောင့်မိပြီး ပွဲချင်းပြီးပါပဲ အကိုရယ်။ သူ့ရဲ့ ဂုတ်ဝဲဆံနွယ်လေးတွေကို
ပျက်မှာစိုးတဲ့ သူ့ရဲ့ဆန္ဒဟာလည်း နောက်ဆုံးထွက်သက်ထိ ပြည့်ဝခဲ့ပါတယ်။ ဒီလောက် သွေးသံရဲရဲနဲ့
ဘဝပျက်သေဆုံးတဲ့ အချိန်မှာတောင် သူ့ရဲ့ဆံနွယ်လေးတွေက ရက်ရက်စက်စွာ လှနေတုန်းပါပဲ အကိုရယ်…”
*** ***
***
ကျွန်တော်ဟာ ရှင်းပို့ပေးနေတဲ့ Massageတွေကို
ဆက်ပြီးဖတ်နိုင်စွမ်း မရှိတော့ပါဘူး။ Facebook ကို Lockout လုပ်ပြစ်လိုက်တယ်။ ရှင်းကတော့
ကျွန်တော် ရှိနေသေးတယ်ထင်ပြီး ဆက်Chatနေဦးမလား ကျွန်တော်မသိဘူး။ ကျွန်တော့် အသဲနှလုံးတစ်ခုလုံးကတော့
တိုက်တိုက်ဆိုင်ဆိုင် မီးပြင်းတိုက်ရက်တဲ့ ကံတရားရဲ့ လက်မှာ ကြေကွဲတုန်လှုပ်စွာ အရည်ပျော်ဆင်းသွားရပြီ။
ယာဉ်မတော်တဆမှုမှာ ကျွန်တော့်ဘက်က လမ်းမှန်အတိုင်း
မောင်းလာတာဖြစ်တဲ့အတွက် ဥပဒေ ကြောင်းအရ အရေးယူ မခံခဲ့ရဘူး။ လမ်းမပေါ်ကို မဆင်မခြင်တက်လာတဲ့ တစ်ဖက်က
ဆိုင်ကယ်မောင်းသူ ကောင်းလေးလည်း အသက်ဆုံးရှုံးသွားရတယ် ဆိုတာကိုတော့ ကျွန်တော့်ကို မိဘတွေက
ပြောပြကြပါ တယ်။
ဒါပေမယ့်ဗျာ…။ သူ့အမှားနဲ့သူ သူ့အသက်ကို
သူပေးသွားရတာက တန်ပါတယ်။ ကိုယ့်ဘက်က မမှားပါပဲနဲ့ အချစ်ရဆုံး ဇနီးလေး မိုးကိုရော၊ ကျွန်တော်
အသဲနှလုံးတွေ ပြုတ်ထွက်မတတ် မြတ်နိုးရတဲ့ သမီးလေးကိုပါ ဆုံးရှုံးရတဲ့အပြင်၊ ကိုယ်တိုင်
ခြေနှစ်ဖက် ဖြတ်ပြစ်လိုက်ရတဲ့ ဒုက္ခိတဘဝ ရောက်ခဲ့ရတဲ့ ကျွန်တော့်အတွက် ကံတရားရဲ့ ဆုံးဖြတ်ချက်ဟာ
လုံးဝ မတရားဘူးဗျာ…။
ကျွန်တော့် ဘဝနဲ့ ကျွန်တော့် မိသားစုကို
ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ ဆိုင်ကယ်စီး ချစ်သူစုံတွဲကို လည်း ကျွန်တော် သတိရတိုင်း
နာကျည်းမုန်းတီးမိတယ်။ ဘယ်လို အကြောင်းပြချက်နဲ့မှ ခွင့်မလွှတ်နိုင်ဘူး။ အခုတော့ ကြည့်ပါ့ဦး။
ကျွန်တော့်ဘဝရဲ့ အနာတရတွေ၊ အတိတ်ဒဏ်ရာတွေကို
မေ့ပျောက်စေတဲ့ ကဗျာမလေး၊ ကြယ်တာရာမလေး၊ အလင်းရှင်ကလေး ရှင်းဟာ ကျွန်တော် မုန်းတီးနာကျည်းစိတ်နဲ့
ခွင့်မလွှတ်နိုင်တဲ့ ချစ်သူနှစ်ဦးထဲက ကျန်ရစ်သူ ချစ်သူကောင်မလေးတဲ့လား။ ရက်စက်လိုက်ကြတာ။
ဘဝရယ်၊ ကံတရားရယ်၊ နှလုံးသားရယ် တစ်ကျိတ်တည်း တစ်ဥာဏ်တည်း ပူးပေါင်းပြီး ကျွန်တော့်စိတ်ကို
တိုက်ခိုက်ဖျက်ဆီးလိုက်ကြတာ။ အခုဆို ကျွန်တော့်မှာ ဘာမှ မကျန်တော့ဘူး…။
နောက်ဆုံးကျန်နေတဲ့ အခန်းအောင်းသစ်ပင်ကလေးရဲ့
အမှတ်တရ မေတ္တာတရားကို သတ်ပြီးရင် ကျွန်တော့်ဇာတ်လမ်း ပြီးပါပြီ…
ဆုံးအောင်ဖတ်ပေးတဲ့ ခင်ဗျားကို ကျွန်တော်
အထူးကျေးဇူးတင်ပါတယ်ဗျာ…
*** ***
***
Updating Life
လေက
ထနောင်းဆူးကို ပွတ်မိသလို…
ငါပဲ
ရင်ကွဲရပြီ
အချစ်ရေ…
ကန္တာရအလယ်မှာ
တစ်ပင်တည်း
သေဆုံးရမယ့်…
တိမ်စ
ဖဲ့ချွေချင်သူ သစ်ခြောက်ပင်
ဘဝ…
ခဏလာနားတဲ့
မဟင်္သာကို
နှလုံးသားမှာ
တစ်သက်စာ
နေရာ
ပေးလိုက်မိတာပေါ့…
အနာဂါတ်မှာ
အရွေ့ကျန်သေးတဲ့
မင်း…
ပျော်ရွှင်
ပျံသန်းလိုက်ပေရော့
ငှက်ကလေးရေ…
သံသရာမှာ…
တို့တွေ…
တစ်ကိုင်းထဲ
နားခွင့်လက်မှတ်၊ နောက်မှ…
ဖြတ်တော့မယ်
Restart
ချလို့ မရတဲ့ အချစ်
နောက်
ဘဝ ဖြစ်ဖြစ်လို့
ဖြေမတွေး
ချင်တော့ဘူး
အခုတော့…
“Loading Failed…”
မင်းလွင်မောင်ဟာ သူ့ရင်ထဲက ခံစားချက်တွေကို
အိပ်သွန်ဖါမှောက် ရေးပြီးတာနဲ့ Facebook ပေါ်မှာ Statusအဖြစ်တင်လိုက်တယ်။ ပြီးတာနဲ့
Facebookကို Lockoutထွက်ပြစ်လိုက်တယ်။
ကုတင်ခြေရင်းက အခန်းနံရံကို ကြည့်ပြီး အဓိပ္ပါယ်မဲ့
ငေးရီနေပြန်တယ်။ ခဏနေတော့ သူ့ရဲ့ အံသွားတွေ ကျိုးကြေကုန်တော့မတတ် အံကို တင်းတင်းကြိတ်ပြီး
ငုံးတိတိပေါင်ပေါ်မှာ တင်ထားတဲ့ လက်တော့ကို အခန်းနံရံဆီ ဂွမ်းကနဲ အားကုန်ပစ်ပေါက်လိုက်ပြန်တယ်။
ကုတင်ခေါင်းရင်းက အခန်းနံရံကို မှီပြီး မျက်လုံးကို စုံမှိတ်လို့ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်
ငိုနေပြန်သေးတယ်။
မင်းလွင်မောင် နောက်တစ်ကြိမ် Facebook သုံးမှာမဟုတ်တော့ဘူး။
သူ့ဘဝမှာ Facebook သုံးတာဟာ ဒီကနေ့ နောက်ဆုံး ဖြစ်ပါလိမ့်မယ်။ ကုန်ကုန်ပြောရရင်…
အသက်ရှင်နေထိုင်ခြင်းဆိုတဲ့ ကိစ္စဟာတောင်
သူ့အတွက် ဒီကနေ့ နောက်ဆုံး ဖြစ်ချင်ဖြစ်သွား နိုင်ပါတယ်။ ဘာလို့ဆို…
မင်းလွင်မောင်ဟာ ကုတင်ဘေးက စားပွဲပေါ်မှာ
တင်ထားတဲ့ အိပ်ဆေးပုလင်းကို လက်လှမ်းလိုက် တယ်လေ…
ဇော်သစ်
(၉.၃.၂၀၁၄)
No comments:
Post a Comment